ရမ်းငွေ့ကြားက ချင်းပြည်နယ်ရဲ့ အလှအပများ …

ရမ်းငွေ့ကြားက ချင်းပြည်နယ်ရဲ့ အလှအပများ

ချင်းပြည်နယ်ရဲ့အလှ

ပြီးခဲ့တဲ့ဒီဇင်ဘာက ချင်းပြည်နယ်မြောက်ပိုင်းတစ်ခွင်ကို အလည်ရောက်ခဲ့ပါတယ်။ ချမ်းအေးလှတဲ့ဆောင်းရာသီမှာ ချင်းရဲ့အလှက အပျိုမလေးချယ်ရီပန်းကပိုကရိုပန်ထားသလို ကြည့်ကောင်းလှပါတယ်။ မြူခိုးဝေေ၀နဲ့ချင်းမြေအလှကို အားလုံးနဲ့ဝေမျှခံစားလိုက်ပါတယ်။

တစ်ခါမှ မရောက်ဖူးသေးတော့ မသွားခင်ကတည်းက အတွေးနဲ့ကြိုပြီးပျော်တယ်။ သိပ်အေးတယ်ဆိုလို့ အနွေးထည်၊ လက်အိတ်၊ ခြေအိတ် ကစလို့ထည့်လိုက်တာ တစ်ပါတ်စာခရီးက တစ်လစာနီးနီးလောက် အိတ်ကြီးဖေါင်း နေတော့တယ်။ ကားသယ်တာပဲလေ ကိုယ်ထမ်းရတာမှမဟုတ်ဘဲလို့တွေးမိတယ်။ ကားဆရာအပါအဝင် လေးယောက်ဆိုတော့ စားစရာတွေလဲ ခြင်းတောင်းတစ်လုံးနဲ့က အပြည့်။ ဟိုမှာ ဘာတွေစားရမယ် မသိနိုင်လို့ပါ။

ဟိုလုပ်လုပ်နဲ့ မနက် ၁၀နာရီမှ ထွက်ဖြစ်တယ်။ ဒီခရီးကို ပျော်ပါတယ်ဆိုမှလမ်းမှာ ကားဝင်ရိုးကျိူးလို့ နာရီလောက်ကြာသေး။ ဟူး တောင်ပေါ်လမ်းမှာဖြစ်လို့ကတော့ အရိုးအသားတောင်ရှာလို့ရမှာမဟုတ်၊ တော်သေးရဲ့လို့ အကောင်းဖက်ကမြင်ကြည့်ရတာပေါ့။ အဲတော့လည်း ပျင်းပျင်းနဲ့ ဘတ်စ်ကားမရှောင် ကုန်ကားမရှောင် တွေ့ရာတွေ လျောက် ဓါတ်ပုံရိုက်နေလိုက်တာပေါ.

ရာသီဥတုက နေလို့ကောင်းရုံလေးပဲဆိုတော့ အနွေးထည်တွေက့ ခရီးဆောင်အိတ်ထဲမှာ အိပ်နေတုန်း။ ဒီလိုနဲ့ ပေါက်မြို့မှာ တစ်ညအိပ်ပြီး နောက်တစ်နေ့ ဂန့်ဂေါကိုဖြတ်ကျော်လို့ ဟားခါးသို့ခရီးဆက်ကြပါတယ်။ ချင်း တောင်အတက်လမ်းကတော့ ကွေ့ကွေ့ကောက်ကောက်နဲ့ အန္တ္တ္တ္တရာယ်များလှပါတယ်။ လမ်းမှာ ကုန်ကားကြီးတစ်စီးမှောက်နေတယ်။

လမ်းခရီးမှာ ကျောက်တစ်ဝက်မြေတစ်ဝက်နံရံမှီပြီးပေါက်နေတဲ့ အမည်မသိ အရိုင်းပန်းလေးတွေက လှလှပပ။ ဗျူးပွိုင့်လေးမို့ ကားရပ်ပြီး အနားယူ၊ ပန်းခူး၊ ဓါတ်ပုံရိုက်ကြတာပေါ့။ လမ်းမှာ ထင်းရူးနဲ့ ချယ်ရီပန်းပင်တွေက ကြည်နူးစရာပါ။ နောက်ပြီး တောင်ခါးပန်းကိုမေးတင်ဆောက်ထားပြီး အရောင်တောက်တောက်လွင်လွင်ဆေးရောင်သုတ်ထားတဲ့ ချင်းအိမ်ကလေးတွေက တာရာမင်းဝေရဲ့ အရုပ်မြို့တော်ဆိုတဲ့ စကားလုံးလေးကိုသတိရစေပါတယ်။ တောင်စောင်းမှာမှေးပြီးဆောက်ထားတာမို့ ပြုတ်ကျခဲ့ရင်ဆိုတဲ့အတွေးနဲ့ ကျောချမ်းမိပါတယ်။

လမ်းမှာ ဒေသခံတွေကိုလည်းမြင်ရတယ်။ မြည်းတွေ၊ လားတွေကတော့ တန်ဖိုးမဖြတ်နိုင်တဲ့ ကုန်တင်ယာဉ် တွေပါပဲ။ အမျိူးသမီးတွေက ကလေးကိုကျောပိုးချီကြတယ်။ အဝတ်နွမ်းနွမ်း အသားအရေမွဲမွဲလေးတွေနဲ့ပေမယ့် လတ်ဆတ်ရှင်းသန့်တဲ့ အပြုံးလေးတွေ ပိုင်ဆိုင်ထားကြပါတယ်။ 

ကလေးလေးတွေကဆို သူတို့ကိုဓါတ်ပုံရိုက်ပြီးပြန်ပြတော့ တခစ်ခစ်နဲ့ သဘောတွေကျလို့ မှောင်တရီမှ ဟားခါးကိုရောက်ပါတယ်။ နာမည်တောင်မပေးရသေးတဲ့ အသစ်စက်စက်ဟိုတယ်မှာ တည်းကြပါတယ်။ ပိုင်ရှင်လင်မယားက ချင်းလူမျိူး လူငယ်တွေပါဘဲ။ တော်တော်လေးဖေါ်ရွေကြပါတယ်။ အပူချိန်က ၁၀ ဒီဂရီနားမှာဝဲနေတာမို့ အပူပိုင်းကလာတဲ့ ကိုယ်တို့အဖွဲ့သားတွေ ဘယ်သူမှ ရေမချိုးနိုင်ကြပါဘူး။ ညစာစားဖို့ အပြင်ထွက်တာတောင် မေးတွေ တဂတ်ဂတ် ရိုက်နေကြတာ။

အဲဒီညမှာ မထူးခြားပေမဲ့ မှတ်မှတ်ရရဖြစ်ခဲ့တာကတော့ ကိုယ့်ရဲ့ မျက်ကပ်မှန်ကလေးဖြုတ်မရတာပါ။ အေးလွန်းတာရယ် တပ်ဆင်ချိန်များသွားတာရယ်ကြောင့်ထင်ပါရဲ့။ ကိုယ်ရွှေမျက်ကပ်က မျက်သားကို အသေတွယ်ကပ်နေတော့တာ။ မျက်သားကို ဒဏ်ရာရမှာစိုးလို့ အကြမ်းပတမ်းလဲမလုပ်ရဲ အသာအယာခွာတော့လည်းမရနဲ့။ လက်နဲ့ထိပါများတော့ မျက်သားက ကြာလေ နာလာလေပါပဲ။

မျက်ရည်တွေရော နှပ်တွေရော ထွက်လာတာပေါ. အခန်းဖေါ်ညီမက အောက်ထပ်ကအိမ်ရှင်တွေဆီ ရေနွေးပြေးတောင်းရင်း ဆေးရုံသွားရမလား တိုင်ပင်နေတယ်။ ကိုယ့်ရဲ့ ထိတ်လန့်စိုးရိမ်မှူက မပြောပြတတ်အောင်ပါပဲ။ တစ်နာရီကျော်လောက်ကြာတော့မှ (မျက်ရည်တွေနဲ့ ချောသွားလို့လားမသိ) ဖြုတ်လို့ရသွားတယ်။ လန့်လန့်နဲ့ ခရီးစဉ်တစ်လျှောက်လုံး ပြန်မတပ်တော့ဘူး။ အဝေးကြည့်မျက်မှန်လေးပဲ တပ်လိုက်ဖြုတ်လိုက်လုပ်တော့တယ်။

နောက်တစ်နေ့တော့ ထန်တလန်ကိုသွားတယ်။ လမ်းတစ်လျောက်ကရှူခင်းတွေက အမိုက်စား။ ကင်မရာတဖျပ်ဖျပ်နဲ့ သူများမျက်စေ့နောက်အောင်ရိုက်မိတယ်။ ပြန်လာတော့ ကိုယ့်ရှုခင်းပုံလေးတွေ ကိုယ်ကြည့်ပြီးသဘောတွေကျလို့။ ကားလမ်းတစ်လျှောက်မှာဘွေနူးဆိုတဲ့ ကွေ့ကွေ့ကောက်ကောက်မြစ်ကလေးကို အောက်ဖက်မှာ ခဏခဏ လှမ်းမြင်ရတယ်။ဘွေနူးရဲ့ ချင်းလိုအဓိပွါယ်ကသခင်မတဲ့။ ဘွေနူးယာ ရခိုင်မှာ ကုလားတန်မြစ်ခေါ် ကစ္တပနဒီဖြစ်ပြီး အိန္ဒိယနယ်စပ်ရောက်တော့ မဏိပူရလို့ အမည်တွင်သွားကြောင်းသိရပါတယ်။

ကံကောင်းစွာနဲ့ ဟားခါးမှာ ခရစ်စမတ်အကြိုပွဲတော်ကို နွှဲခဲ့ရပါသေးတယ်။ ကလေး လူကြီး ၅၀၀ လောက်ဟာ နေပူတာကိုအမှူမထားပဲ ဟားခါးရဲ့ပွဲတော်ကျင်းပရာ ကွင်းပြင်ထဲမှာ ရိုးရာအဆိုအကတွေကို အားပေးနေကြပါတယ်။ ကိုယ်တို့အဖွဲ့ကတော့ စားသောက်ဆိုင်တန်းတွေဖက် အရင်လျှောက်တာပေါ့။

ကိုယ်က ပုံထဲက ကလေးမလေး စားတဲ့ဟာ (ထမင်းစေးစေး အခဲကို ငှက်ပြောဖတ်ထဲထည့်၊ နူးအောင်ပြုတ်ထားတဲ့ဝက်သားတင်ပြီး ဆားဖြူးထားတာ) စားပါတယ်။ သိပ်များများ မစားနိုင်ပေမဲ့ အရသာက ဆိမ့်ဆိမ့်လေးပါ။ တစ်ချိူ့အဖွဲ့သား တွေကတော့ဆာဘူဒီးဆိုတဲ့ နွားနောက်သား ဆန်ပြုတ်ကို မှာစားကြတယ်။ ဈေးရောင်းတဲ့ ချင်းပျိူဖြူတွေက ခေါင်းပေါ်မှာ ဒီဇိုင်းဖေါ်ထားတဲ့ စကú သရဖူလေးတွေနဲ့။ ခရစ်ယာန်ဘုန်းတော်ကြီးရဲ့ တရားတစ်ချိူ့ကို ကြားနာပြီး အလုပ်ဆက်စရာ ရှိသေးတာမို့ ပြန်ထွက်လာခဲ့ကြပါတယ်။

နောက်တစ်နေ့မှာ ဖလမ်းကို ခရီးဆက်ပါတယ်။ လမ်းတစ်လျောက်ကတော့ ကြည့်ချင်စဖွယ်ရေမြေတောတောင်အလှတွေပါ။ အဲဒီမှာ ချင်းတောင်ရဲ့နာမည်ကျော် ဇာတ်လိုက် နွားနောက်ကိုမြင်ခဲ့ရပါတယ်။ အရိုင်းလား အယဉ်လားတော့ မသိပါဘူး။ ခြဲုပုတ်ထဲကနေ မျက်လုံးဝင်းဝင်းတောက်တောက်နဲ့ကြည့်နေလို့ ကားပေါ်ကနေဓါတ်ပုံရိုက်ခဲ့ပါသေးတယ်။ သူ့ရဲ့ဦးချိူက ကျွဲနဲမတူဘဲ ဘေးကို ဖြောင့်ဖြောင့်ကြီး ကားထွက်နေပါတယ်။

ကြီးမြန်တဲ့အတွက် နွားနောက်ကို ချင်းတောင်မှာ အစိုးရစီမံကိန်းနဲ့ အကောင်ရေတစ်သိန်းမွေးမယ်လို့ သတင်းတစ်ပုဒ် ဖတ်ခဲ့မိတာ သတိရတယ်။ ဒါဆို စီမံကိန်းဝင် သတ္တဝါလေးပေါ့ -)))) ဓါတ်ပုံပျောက်နေလို့မတင်နိုင်သေးပါဘူး။ နောက်ချင်းဇာတ်လိုက်တစ်ယောက်က တောင်ဇလပ်ပန်းပါ။အပွင့် နီရဲရဲနဲ့မို့ အဝေးကနေတောင် ထင်းကနဲ မြင်နိုင်ပါတယ်။ ချင်းရဲ့သင်္ကေတ အောက်ချင်းငှက်တွေကတော့ သိပ်ကိုရှားပါးသွားခဲ့ပြီလို့ စိတ်မကောင်းစရာ ကြားရပါတယ်။

ဖလမ်းကနေ တီးတိန်ကို သွားခဲ့ရပါတယ်။ သဘာဝအသည်းပုံဖြစ်နေတဲ့ နံမည်ကြီး ရိဒ် Reed ရေကန်ဆိုရင် အိန္ဒိယနယ်စပ်မှာရှိပြီး တီးတိန်ကနေ မိုင် ၃၀ကျော်လေးပဲ ဝေးတာပါ။ အချိန်မရလို့ ရေကန်ဆီမသွားခဲ့ရပါဘူး။  ဒါပေမယ့် လှပတဲ့ မဏိပူရတံတားကိုတော့ ကျော်ဖြတ်ခဲ့ရပါတယ်။တံတားက တောင်တွေကြားထဲမှာ မဏိပူရမြစ်ကိုကျော်ပြီးဆောက်ထားတဲ့ ကြိုးတံတားပါ။  မြစ်ကမ်းပါးမှာ တော်တော်လှတဲ့ ကျောက်စရစ်ဝိုင်းဝိုင်းလေးတွေ အရွယ်စုံရှိပါတယ်။  အမှတ်တရ ကောက်လာပြိးမှ သဘာဝကိုဖျက်ဆီးမိပြီလားရယ်လို့ စိတ်မကောင်းဖြစ်မိနေသေးတယ်။ ပေ ၇၀၀၀ ကျော်ကို အသည်းတစ်ထိတ်ထိတ် ကားစီးရတာပေမယ့် မြင်ကွင်းလှလှတွေကြောင့်တန်တယ်လို့ထင်မိတယ်။

တီးတိန်ကနေ ကလေးကို ခရီးဆက်တော့ နေစောင်းလာပြီမို့ အအေးဓါတ်က ကဲကဲလာပါတယ်။ လမ်းမှာ ဆိုင်လှလှကလေးတွေ့လို့ ဝင်နားကြရင်း ဝက်စွပ်ပြုတ်၊ ကြက်စွပ်ပြုတ် ပူပူကို အားပေးကြပါတယ်။ ဝိုင်လဲတော်တော်ကောင်းတယ်။ ဆိုင်ရဲ့အနောက်ဖက်က စားပွဲလေးမှာ ဝိုင်းဖွဲ့စားရင်း တိမ်ဖြူဖြူတွေကို ငေးလို့ရတယ်။ အိတ်ထဲက သာမိုမီတာကို ထုတ်တိုင်းလိုက်တော့ ဒီဂရီ စင်တီဂရိတ်တဲ့။

ဆိုင်ကလေးက ထွက်လာတော့ မြူတွေက ပိုပိုပိတ်လာလို့ ရှေ့ကို ဘာမှမမြင်ရတော့ဘူး။ ကားမီးကိုထွန်းမောင်းရတယ်။ လမ်းကကျဉ်းကျဉ်းဆိုတော့ ရှေ့ကားနဲ့ မမြင်မစမ်း ဝင်တိုက်မှာစိုးလို့ ကားဟွန်းခဏခဏတီးရတယ်။ လမ်းတစ်ဖက်ကတောင်၊ တစ်ဖက်က တိမ်ပင်လယ်ကြီး။ ကြည့်ပါဦး။ မိုးချူပ်မှပဲကလေးကိုဝင်တော့တယ်။ တောင်ဇလပ် ဟိုတယ်မှာ တစ်ထောက်နားကြတယ်။ ကလေးမြို့ကတော့ ချင်းပြည်နယ်နဲ့ထိစပ်နေတဲ့ စစ်ကိုင်းတိုင်းကဆိုပေမယ့် မြေပြင်ကပြန့်ပြန့်ပြူးပြူးမို့ နောက်မှာကျန်ခဲ့တဲ့ ချင်းတောင်ရဲ့အလှအပတွေကို စိတ်ထဲက နှူတ်ဆက်လိုက်ပါတယ်။ ပြန်ဆုံချင်ပါသေးတယ် လှတဲ့ချင်းမြေရယ်။ crd 

Leave a Reply

Your email address will not be published.