ကိုယ်ဝန်ဆောင်စဉ် ခင်ပွန်းနှင့် အတူနေလျှင် ဘာဖြစ်မလဲ

ကိုယ်ဝန်ဆောင်စဉ် ခင်ပွန်းနှင့် အတူနေလျှင် ဘာဖြစ်မလဲ

Q 1: ဆရာရှင့် ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသား(ခင်ပွန်း)နဲ့ ဆက်ဆံလို့ ရပါသလား။ တကယ်လို့ ဆက်ဆံခဲ့ရင် ဗိုက်ထဲက ကလေးကို ထိခိုက်နိုင်ပါသလား။

Q 2: ဆရာ Post တခုမှာ ဖတ်လိုက်ရတဲ့ ကိုယ်ဝန် ပထမ ၃ လမှာ ယောက်ကျားနဲ့ အတူတူနေလို့ မရဘူးဆိုပြီး။ အခု ကိုယ်ဝန်က ၂ လ လောက် ရှိနေပါပြီ။ သားဦးဆိုတော့ အတွေ ့အကြုံမရှိဘူး ဖြစ်နေလို့ပါ။တကယ်လို့ အတူတူနေလို့ ရတယ်ဆိုရင် ဘယ်လို ပုံစံမျိုးက ကိုယ်ဝန်ဆောင်တွေ အတွက် အဆင်ပြေနိုင်မလဲ ဆိုတာပါ ပြောပြပါနော်။

A 1: ပုံမှန် ကိုယ်ဝန်ဆောင်နေစဉ် အတူနေတာ ပုံမှန်ပါ။ ပုံမှန်ကိုယ်ဝန်ဆိုရင် အထဲကကလေးမှာ လိုအပ်တဲ့ အကာအကွယ်တွေ အစုံရှိတယ်။ ရေမြွှာအိတ်က ပါးပေမဲ့ ခိုင်တယ်၊ ကာကွယ်နိုင်တယ်။ သားအိမ်အဝမှာလည်း မပွင့်သရွေ့ အချွဲနဲ့ ပိတ်နေတယ်။ ဒါ့ကြောင့် ကျားအင်္ဂါဖြစ်ဖြစ် တော်တော့တန်တန် ပိုးမွှားဖြစ်ဖြစ် ကလေးဆီ မရောက်နိုင်ပါ။ ဆက်ဆံတာ သာမက ဆန္ဇပြည့်ဝသွားခြင်းဆိုတဲ့ Orgasm ဖြစ်တာကြောင့်လည်း ကိုယ်ဝန်ကို ပြဿနာ မတက်ပါ။ ဒါပေမဲ့အရင်အတိုင်းသာဆက်လုပ်ပါ၊

ဘာမှ မဖြစ်ပါဘူးလို့ တိုက်တွန်းတာတော့ မဟုတ်ပါ။ အတွင်းသိ လင်မယား ဆိုရင် ထားတော့ နောက်ကြောင်း ရာဇဝင် ဘာမှမသိသူနဲ့ ကိုယ်ဝန်ဆောင်စဉ် ဆက်ဆံမိရင် လိင်ကတဆင့် ကူးစက်ရောဂါ ရှိလို့ကတော့ မအေသာမက ကလေးကိုပါ ကူးတော့မှာပါ။ ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ တားဆေး၊ တားနည်းတွေအတွက် ဝါယမစိုက်စရာမလို၊ မရှိသင့်ဘဲ ရှိသွားမှာမျိုးလည်း စိုးရိမ်စရာ မရှိ၊ ရာသီရက်လည်း ကြည့်မနေနဲ့၊ ဆိုတော့ ပိုတောင် အဆင်ပြေသလို ဖြစ်လာ တယ်။ နောက်တခါ နှစ်ယောက်လုံးမှာ ရောဂါဘယ ကင်းနေရင် (ကွန်ဒွန်) မလို ဖြစ်နေလို့ အတူပိုနေတာ ဖြစ်လာနိုင်တယ်။

ပုံမှန် ကိုယ်ဝန်ဆောင် မဟုတ်တာ လာပါမယ်။ အထစ်အငေါ့ရှိတဲ့ အမျိုးသမီးရဲ့ မွေးဖွါးရာဇဝင် Bad Obstetric history တခုခုရှိနေရင်။ ဥပမာ Miscarriage/Abortion ကိုယ်ဝန်ပျက်တာ၊ Pre-term labor လမစေ့ (၃၇ ပါတ် ထက်စော) ကလေးမွေးဘူးတာမျိုး။တချို့အမျိုးသမီးတွေရဲ့သားအိမ်အဝဟာမလုံဘူး၊ကိုယ်ဝန်ရင့်လာတာကိုထိန်းမထားနိုင်ဘူး။ဒီလိုဖြစ်ရင်သားအိမ်အဝကိုမမွေးမချင်းပိတ်ချုပ်ပေးတားရတယ်။

ဒီတော့ ဆက်ဆံလိုက်ရင် သေချာပေါက် စောမွေးလာနိုင်တယ်။ နောက်ထပ် ပုံမှန် မဟုတ်တာတွေက ကိုယ်ဝန်ဆောင်နေတုံး သွေးဆင်းလာတာ၊ အရည်ဆင်းတာ။ (အာလ်ထွာဆောင်း) ရိုက်လိုက်တော့ အမွှာကိုယ်ဝန်ဆောင်နေတာနဲ့ အချင်းက သားအိမ်အဝနား ရှိနေတာတွေကို ဆိုလိုတယ်။

အကြမ်းဖျင်း ပြောရရင် ကိုယ်ဝန်တခုကို ၃ လစီ၊ ၃ ပိုင်း၊ သတ်မှတ်တာမို့ဒုတိယ ၃ လမှာ ဆက်ဆံတာ ဘာမှ ဖြစ်စရာ မရှိဘူးလို့ ပြောနိုင်ပါတယ် ကိုယ်ဝန်ဆောင်စ ပဌမ ၃ လမှာ အမျိုးသမီးဟာ Morning sickness ကိုယ်ဝန်ဆောင်စလက္ခဏာတွေခံစားနေရလို့ဆက်ဆံချင်စိတ်အပါအဝင်အာရုံငါးပါး၊နည်းပါးနေလိမ့်မယ်။ကိုယ်ဝန်ဆောင်နောက်ဆုံးရက်တွေမှာအရှောင်ခိုင်းတာကတော့လိုရမယ်ရသဘောပါ။

သီအိုရီအရ ယောက်ျားရဲ့ Semen ထဲပါတဲ့ ဓါတ်က သားအိမ်ကို ညှစ်စေအောင် ဆွပေးမလားလို့ပါ။ ကိုယ်ဝန်သည်မှာ နေရထိုင်ရတာ လေးလံလာပြီ၊ အသွားအလာလည်း ခက်လာပြီမို့၊ စိတ်အလိုလည်း နည်းပါးနိုင်တယ် မဟုတ်လား။

ဇနီးသည် ကိုယ်ဝန်ရှိချိန် လိုက်ပြီး၊ ယောက်ျားသားတွေမှာလည်း စိတ်ကစားမှု ပြောင်းတတ်သေးတယ်။ သူငယ်ချင်း တယောက် ဆေးကျောင်းနဲ့ မနီးမဝေးက ကိုယ်ဝန်ဆောင် မိန်းကလေး တယောက်ကိုသိပ်လှတယ်ကွဆိုပြီး၊ တဖွဖွ ပြောခဲ့ ဘူးတယ်။ တမျိုးမထင်ပါနဲ့ အပြောသက်သက်သာပါ။ ကာယကံရှင် ခင်ပွန်းတချို့မှာတော့ မွေးလာမဲ့ကလေး အနာဂတ်ရေး စဉ်းစားရ၊ ဇနီးသည် ကျန်းမာရေး အတွက် ကြောင့်ကြရနဲ့ သီလသာ စောင့်နေချင်ကြတယ်။

ကျန်းမာရေးနဲ့ ဘာသာရေး ရှုဒေါင့်တွေ အသာထား၊ ကိုယ်ဝန်ဆိုတာ လိင်ဆက်ဆံတာက စတယ် မဟုတ်လားလို့ ပြောကြတာလည်း ရှိတယ်။ အားပေးတဲ့ဘက်ကနေ ထပ်ပြောတာက “(ဗဂျိုင်းနား) ဟာ ပိုပြီး စိုစွတ်နေတယ်။ နေရာက အင်္ဂါမှန်သမျှ အမြင်အရ ပိုမို ဖေါင်းကြွနေတယ်။ ဒီအချိန်ကြမှ ပဌမ Climax ရောက်ရတယ်။စသဖြင့်။

ကိုယ်ဝန်ဆောင်ရတာက ကိုယ်ခန္ဓာ အပြင်ပုံသဏ္ဌာန်သာမက အတွင်းစိတ်မှာပါ အပြောင်းအလဲတွေ ရှိလာတယ်။ ဟော်မုန်းတွေလည်း အပြောင်းကြီး ပြောင်းလာတယ်။ မတူတာက စိတ်အလို နည်းသူတွေက နည်းလာသလို၊ များချင်သူကလည်း များနိုင်တယ်။ အမှန်က ကိုယ်ဝန် မဆောင်ချိန်မှာလည်း စိတ်အလိုဆိုတာ အတက်အကျ ရှိတာပါ။ ခင်ပွန်းသည်က ပိုပြီး နားလည်မှု ရှိရပါမယ်။ ကာမပိုင်ဘဝ ရောက်ကြပြီဆိုတာနဲ့ငါပိုင်တာဘဲ ငါ့သဘောဘဲလို့ မဖြစ်သင့်ပါ။ သာယာမှုဆိုတာ ကျေနပ်မှုကင်း၊ ပျော်ရွှင်ခြင်းမပါ၊ တဖက်သတ် ချည်းသာဆိုရင် အကြင်လင်မယားရဲ့ ဓမ္မတာ မဟုတ်နိုင်တော့ပါ။

စုံအောင်ထည့် ရေးပါရစေ။ အတူနေတာမှာအကြမ်းဘရမ်းဆက်ဆံတာမျိုး ရှောင်ရပါမယ်။ အနေအထား Position ကို သင့်အောင် ရွေးတတ်ရမယ်။ (အိုရယ်လ်) နည်းသုံးရင် လေသွင်း မှုတ်တာမျိုး ဖြစ်မသွားစေ ရပါ။ Air embolism ဆိုတာ ရတတ်တယ်။ လေက သွေးကြောထဲ သွားပိတ်ပြီး၊ အသက်ကိုပါ အန္တရာယ်ပေးနိုင်လို့ပါ။

ဒီကျန်းမာရေးအကြောင်း ပြောတဲ့အခါ သူများဆီမှာတော့ နှစ်ယောက်သား စကားပြောကြပါ။ ဆွေးနွေးကြပါ။ (ဝပ်ရှော့ခ်) တက်ပါ စသဖြင့် အကြံပြုတာတွေ ရှိတယ်။ ကျွန်တော်တို့ ယဉ်ကျေးမှုမှာ သူတို့ပြောသမျှ လိုက်လုပ်လို့ မရပါ။ မရတော့မကောင်းဘူး။ သိပ် အောက်တယ်ဆိုချင်သူတွေက ဆိုမယ်။ အဲလိုမဟုတ်ပါ။ ခေတ်အမီဆုံး၊ ရှေ့ဆုံးရောက် တိုင်းပြည်တွေနဲ့ ပြောင်းပြန်သာရှိတဲ့ တိုင်းပြည်တွေမှာ ကိုယ်ဝန်ဆောင်စဉ် ဆက်ဆံမှုကြောင့် ဖြစ်စေတဲ့ အပေါင်းအနုတ်တွေဆိုတာ သိပ်ကြီးထူးတာ မဟုတ်ပါ။

သူများတွေ လုပ်တာကို လိုက်မလုပ်နိုင်လို့ စိတ်အား မငယ်သင့်ပါ။ မလုပ်နဲ့ဆိုတာကို ခေတ်နောက်ပြန် ဆွဲလို့ မထင်သင့်ပါ။ သစ်တိုင်း၊ ဆန်းတိုင်း၊ သူများတိုင်းပြည်တွေကလူတွေ ပြောတိုင်းလုပ်တိုင်းခိုင်းတိုင်း အဟုတ်ကြီး မထင်သင့်ကြပါ။ သူများတွေ မလုပ်နိုင်တာတွေလည်း ကိုယ့်ဆီမှာ ရှိပါတယ်။ ရောဂါ အဆန်းတွေကို လက်ရပ်ခေါ်နေတဲ့ အကျင့်စရိုက် အဆန်း အပြားတွေဟာ ကိုယ့်ဆီမှာ ရှားတယ်။ မိသားစုရဲ့ နွေးထွေးမှုမျိုး၊ လူကြီးသူမ၊ အာစရိယတွေရဲ့ ထိန်းကွပ်မှုမျိုး ဆိုတာက ကိုယ့်ယဉ်ကျေးမှုမှာသာ ရှိပါတယ်။

အင်္ဂလိပ်လို တွဲခေါ်လို့ ကောင်းတဲ့ စာလုံးနှစ်လုံးရှိတယ်။ Intercourse ဆိုတဲ့ အင်္ဂါချင်းဆက်ဆံမှုကို အရှောင်ခိုင်းပြီး၊ Intimacy ဆိုတဲ့ နှစ်ဦးနှစ်ဝ ရင်းနှီးကြွမ်းဝင်ကြဘို့ကိုတော့ ကိုယ်ဝန်ရှိစဉ် တလျှောက်လုံး မဖြစ်အနေလုပ်ဘို့ အကြံပြုတယ်။

A 2: ကိုယ်ဝန် ပထမ ၃ လမှာ ယောက်ကျားနဲ ့အတူနေရင် ပျက်ကျမှာ စိုးရတယ်၊ နောက်ဆုံး ၃ လ စောမွေးမှာ စိုးရတယ် ဆိုတာ ယေဘုယျ ပြောတာပါ။ ပုံမှန် ဆက်ဆံတာကြောင့် ပျက်မကျနိုင်ပါ။ ကိုယ်ဝန်ဆိုတာ (နော်မယ်) ဖြစ်နေရင် အလွန် လုံခြုံပါတယ်။

ရေမြွာရည်ကနေ ကလေးကို အကာအကွယ် ပေးနေတယ်။ကိုယ်ဝန်ရှိစဉ် ဆက်ဆံနိုင်တဲ့ (ပိုဇေရှင်) များဆိုပြီး သပ်သပ် သိဘို့ လိုတာ အမှန်ပါ။ ကိုယ်တိုင် ကြံဆနိုင် ကြပါတယ်။ ဆက်ဆံသင့်တဲ့ အနေအထားတွေဆိုတာ အများဖတ်ဘို့ ရေးတင်တာ သိပ်မကောင်းလှဘူး ထင်လို့ မေးသူဆီကိုသာ တိုက်ရိုက် ပြန်လိုက်ပါမယ်။ crd

Leave a Reply

Your email address will not be published.