အရှက်နဲ့လဲ၍ ရလိုက်သော အသိ

အရှက်နဲ့လဲ၍ ရလိုက်သော အသိ

လွန်ခဲ့တဲ့ ၁၅ နှစ် လောက်ကပေါ့ ဗျာ။ ကားခ ပေးဖို့ တယောက် လိုနေတာကို တောင်းမရလို့ စပယ်ယာ ပေါက်ကွဲ နေတယ် လေ။ ဘယ်သူ မပေးရသေးဘူး ဆိုတာကို စပယ်ယာက တိတိကျကျ မသိပေမယ့် ကျနော် ကတော့ ကွက်တိကြီးကို သိနေတာဗျ။

ကျနော့ ဘေးနားက မိန်းမကြီးပေါ့။ တကယ် မေ့နေတာလား၊ တမင် သက်သက် မပေးတာလား အသေချာ မသိပေမယ် မပေးရ သေးတာ ကတော့ သေချာတယ်။ ဒါပေမယ့် အမှုတွဲထဲ ကိုယ်ပါ ပါမှာ စိုးလို့ ငြိမ်ငြိမ်လေး နေပြီး စပယ်ယာရဲ့ ပေါက်ကွဲမှု သံစဉ်တွေကို တဝကြီး နားထောင်ရင်း ဆင်းရမယ့် မှတ်တိုင်ကို ရောက်ခဲ့ ပေမယ့်

ကားခ မပေးတဲ့ မိန်းမကြီး အကြောင်းကတော့ ခေါင်းထဲက ထုတ်မရ ဖျောက်မရ ဖြစ်နေ ပါတော့တယ်။ အဲဒီနောက်ပိုင်း ကားစီးတဲ့ အခါ စပယ်ယာ ကားခ တောင်းတဲ့ အချိန်ဆို ကျနော်ရဲ့ စိတ်က စပယ်ယာလို ဖြစ်နေပြီး ဟိုလူ ဒီလူတွေများ ပေးဖို့ ကျန်နေသေးလား ဆိုတဲ့ အကြည့်မျိုးနဲ့ကျနော် အလုပ် ရှုပ်နေတတ် ပါတယ်။

ဒီလိုနဲ့ လိုင်းကား စီးလာတဲ့ သက်တမ်း တလျှောက်မှာ ဟိုမိန်းမကြီးလို လူမျိုး လေး ငါးယောက် လောက် တွေဖူးခဲ့ ပါတယ်။ တချို့ တကယ် မေ့နေတာကို လက်တို့ တောင်းမှ ပေးတာ ရှိသလို တချို့က ရူးကြာင် မူးကြောင်နဲ့ တချို့ ကတော့ အချောင် ရမလားလို့ တမင် လုပ်တာတွေ ပေါ့ဗျာ။

ဒီလိုနဲ့ တနေ့ မှာတော့ လူထူးလူဆန်းကြီး တယောက်ကို တွေ့လိုက်ရ ပါတော့တယ်။ အဲဒီနေ့ မြို့ထဲက အပြန် ဟိုင်းလပ်(စ်) ကြားကားလေး စီးလာတာ ဆရာစံလမ်းထဲ ရောက်တဲ့ အချိန် စပယ်ယာ ဆီက မကြားရတာ အတော်တောင် ကြာနေပြီ ဖြစ်တဲ့ စကားလေး ပြန်ကြားလိုက်ပါတယ်။ “‼ပိုက်ဆံ ပေးဖို့ တယောက် လိုနေ သေးတယ်”

ကျနော့ အတွက် လုပ်ကွက် ရသွားပြီမို့ စောစောက အိပ်ငိုက်တဲ့ စိတ်တောင် ပျောက်သွားပါတယ်။ စပယ်ယာ ပိုက်ဆံ လိုက်ကောက်နေ ကတည်းက ကျနော် သတိထားလို့ ကြည့်ပြီးသားပါ။ တွက်ကြည့်သလောက် ကတော့ ကွက်တိပဲ အားလုံး ပေးပြီးသား။ ဒါဆို စပယ်ယာများ မှားနေသလားပေါ့။

သေချာအောင် ပြန်စစ် ကြည့်မယ် လို့ စဉ်းစားမိချိန်မှာ စပယ်ယာ ဆီက အသံကျယ်ကြီး တခု ကျနော့ နားထဲကို ရောက်လာပါလေရော။ “ဟေ့လူ ခင်ဗျားကို ပြောနေတာ” တဲ့။ စပယ်ယာက ကျနော့ကို တည့်တည့်ကြီး ကြည့်ပြီး အသံ အကျယ်ကြီးနဲ့ ပြောတာ။

သေပါရောဗျာ။ ပိုက်ဆံ မပေးရသေးတဲ့ တယောက်က ကျနော် ဖြစ်နေမှန်း အခုမှ သတိရလိုက်လို့ မြန်မြန်လေး ကားခ ထုတ်ပေး လိုက်ရပါတယ်။ ရှက်ဖို့ ကောင်းတာမှ ပြောမနေပါနဲ့ဗျာ။ မျက်စိထဲမှာသာ မှန်းမြင်ကြည့်လိုက် ကြပါတော့ဗျာ။

ပိုက်ဆံ မပေးရသေးတဲ့ အခြားသူ တယောက်ကို ကျီးကန်း မျက်လုံးနဲ့ လိုက်ရှာ ကြည့်နေတဲ့ ကျနော် နောက်ဆုံးတော့ ကားပေါ်က လူတွေ အားလုံးရဲ့ အကြည့်က ကျနော့ ဆီမှာဗျာ။ လူထူးလူဆန်းကြီးကို ဖြစ်လို့။

အဲဒီနောက် စပယ်ယာ ပြောနေတဲ့ စကားလုံးတွေ ကလည်း အသစ်အဆန်း တွေမို့ နားမလည် တော့ပါ။ ရှက်တဲ့ စိတ်နဲ့ ထူပူပြီး ဆင်းရမယ့် မှတ်တိုင် မရောက်ခင်မှာပဲ ကားပေါ်က ဆင်းခဲ့လိုက်မိ ပါတော့တယ်။

ဒီတခါ ပိုးစိုးပက်စက် ကွဲခဲ့တဲ့ အရှက်နဲ့ လဲယူလို့ ရလိုက်တဲ့ အသိလေး ကတော့ ကျနော့ ဘဝအတွက် တကြိမ်မက ခဏခဏ ကိုပဲ အသုံးဝင်ခဲ့ ပါတယ်။ အဲဒါလေး ကတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ့်တာဝန်၊ ကိုယ့်ကိစ္စတွေ ထက် ဘောင်ကျော်ပြီး

အခြားသူတွေရဲ့ အားနည်းချက်တွေ အမှားတွေကို အကြည့်လွန်ပြီး ပြောချင်စိတ်တွေ သိပ်များနေတဲ့ အခါ ကိုယ်ရဲ့ အားနည်းချက် အမှားတွေကို မေ့နေတတ် ကြပါတယ်။

အဲဒီ အချိန်မှာ အခြားလူတွေကို အပြစ်ပြောမယ်လို့ စဉ်းစားမိတိုင်း လိုင်းကားပေါ်က ပိုက်ဆံ မပေးပဲ ရုပ်တည်ကြီးနဲ့ မုန့်တီစားသွားတဲ့ မိန်းမကြီးရယ်၊ ပေါက်ကွဲသံစဉ် တွေကို ခပ်ဆန်းဆန်း စကားလုံးတွေနဲ အော်ဟစ်သီဆို ပြသွားတဲ့ စပယ်ယာရယ်၊

ပြီးတော့ မရှိမဲ့ ရှိမဲ့ အရှက်လေး ကွဲခဲ့တဲ့ ကျနော်ရယ်၊ အဲဒါတွေ ပြန်သတိရလို့ အသိလေး ဝင်တဲ့အခါ “သူများတွေကို အပြစ် ပြောတော့မယ် ဆိုရင် အရင်ဆုံး စဉ်းစားမိတာက ကိုယ်ကိုယ်တိုင်ရော ဘယ်လောက် အပြစ် ကင်းနေပါလဲ” လို့။ အဲဒီလို ဆင်ခြင်စိတ် လေးတော့ ဝင်မိတယ်ပေါ့ဗျာ။

ဒါပေမယ့် အချိန်တွေ ကြာလာတာနဲ့ အမျှ ကျနော်က ခဏခဏ မေ့တတ်သူမို့ မိတ်ဆွေများမှ တဆင့် ကျနော့်ကိုယ်ကျနော် ပြန်ပြီး သတိပေးတဲ့ အနေနဲ့ ဒီအကြောင်းလေး ပြန်ရေးမိတာပါ။ သူများ အပြစ်တွေကို ပြောတော့မယ်လို့ စဉ်းစားမိရင် ပြန်သတိရဖို့။crd

Leave a Reply

Your email address will not be published.