Categories
ဗဟုသုတ

မြောက်ကိုရီးယားနိုင်ငံ သမ္မတတို့ကို ပျော်တော်ဆက်ရသော မိန်းမလှလေးများအဖွဲ့

မြောက်ကိုရီးယားနိုင်ငံ သမ္မတတို့ကို ပျော်တော်ဆက်ရသော မိန်းမလှလေးများအဖွဲ့

အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ မြောက်ကိုးရီးယားနိုင်ငံက ပျော်တော်ဆက် မိန်းမလှလေးတွေ

မြောက်ကိုရီးယားနိုင်ငံ သမ္မတတို့ကို ပျော်တော်ဆက်ရသော မိန်းမလှလေးများအဖွဲ့ (Pleasure Squad)… ထိုအဖွဲ့အား ကိုရီးယား ဘာသာလို ဂိပွန်းဂျို ‘Gippeumjo’ ဟုခေါ်သည်။ ထိုအဖွဲ့အစည်းအကြောင်းကို ကမ္ဘာသို့ စတင် အသိပေးပြောကြားသူမှာ ဂျပန်လူမျိုး Kenji Fujimoto ( 藤本 健二 ) ဖြစ်သည်။

ဂျပန်လူမျိုး Kenji Fujimoto သည် ၁၉၈၈ ခုနှစ် မှ ၂၀၀၁ ခုနှစ် အထိ သမ္မတ ကင်မ်ဂျောင်အီးလ် ( Kim Jong-il) အား ဂျပန်အစားအစာ (Sushi ) ပြုလုပ်ပေးရသော စားဖိုမှူးတယောက် ဖြစ်သည်။ ထိုအဖွဲ့အစည်း အကြောင်းကို ဒုတိယပြောပြသူမှာ ၂၀၁၀ ခုနှစ်တွင် တောင်ကိုရီးယားသို့ ထွက်ပြေးလွတ်မြောက်ခဲ့သော မြောက်ကိုရီးယား အမျိုးသမီးတဦး ဖြစ်သည်။

သူမသည် သူမ၏ အတွေ့အကြုံကို Marie Claire မဂ္ဂဇင်းတိုက်အား ဖွင့်ဟ ပြောကြားခဲ့သည်။ ထို၂၀၁၀ မှ ယနေ့အထိ မြောက်ကိုရီးယားမှ ထွက်ပြေး လွတ်မြောက်ခဲ့သူများက ဖြည့်စွက်၍ “ပျော်တော်ဆက် မိန်းမလှလေးများအဖွဲ့” အကြောင်းကို တောင်ကိုရီးယား TV interview တို့တွင် အသေးစိတ် ပြောကြားခဲ့ပါသည်။

ပျော်တော်ဆက် မိန်းမလှများအဖွဲ့တွင် မိန်းမလှပေါင်း ၂၀၀၀ ကျော် ပါဝင်သည်။ ထိုမိန်းမလှတို့သည် အဓိကအားဖြင့် သမ္မတကို ဖျော်ဖြေရန် ဖြစ်သည်။ ထို့အပြင် မြောက်ကိုရီးယားနိုင်ငံ၏ အုပ်ချုပ်ရေးအဖွဲ့အစည်း (Worker’s Party of Korea) ရှိ ရာထူးကြီးသူများကိုလည်း ဖျော်ဖြေရသည်။ ၁၉၇၈ ခုနှစ် ကင်မ်ဂျောင်အီးလ် ( Kim Jong-il l) က ဖခင် ကင်မ်အီးလ်ဆောင်း ( Kim il Song ) အား စိတ်ပျော်ရွှင်စေရန် ပျော်တော်ဆက် မိန်းမလှများအဖွဲ့ စတင် ဖွဲ့စည်းခဲ့သည်။

ထိုမိန်းကလေးများသည် မြောက်ကိုရီးယား၏ အလှဆုံး မိန်းကလေးများ ဖြစ်ကြသည်။ သမ္မတ ကင်မ်ဂျောင်အီးလ်သည် သူ့အဖေအကြိုက် မိန်းမလှလေးများကိုရွေးချယ်ပေးခဲ့သည်။ သမ္မတ ၃ ဦး၏ အကြိုက်ပေါ်မူတည်၍ ပျော်တော်ဆက် မိန်းမလှများ အဖွဲ့၏ အဖွဲ့ဝင်ဖြစ်ရန် စည်းမျဉ်း စည်းကမ်းတို့သည် အပြောင်းအလဲ ရှိလေသည်။

သမ္မတ ကင်မ်ဂျောင်အီးလ်
* မျက်နှာဖောင်းဖောင်းနှင့် ချစ်စရာကောင်းသော မိန်းကလေးများကိုရွေးချယ်သည်။
* အရပ် ၁၆၀ စင်တီမီတာ ကျော်ကျော် ဖြစ်နေရမည်။ (၁၇၀ စင်တီမီတာအောက်)
* ပိန်၍ ကိုယ်လုံးလှရမည်။
* အသက် ၁၆ နှစ်မှ ၁၇နှစ် ကြားဖြစ်ရမည်။

ပျော်တော်ဆက် မိန်းမလှများရွေးချယ်ရေးအဖွဲ့သည် အလယ်တန်းကျောင်းများသို့ လာရောက်၍ မိန်းကလေးများကို ရွေးချယ်ကြသည်။ ထိုသူတို့သည် မိန်းမလှလေးများ လွတ်သွားမည်စိုး၍ တယောက်ချင်း သေသေချာချာ စီစစ်သည်။ အရွေးချယ်ခံရသော မိန်းကလေးများသည် ငြင်းဆန်ပိုင်ခွင့် မရှိပါ။ တခါတရံ သမ္မတကိုယ်တိုင် လာ၍ စင်တော်ကောက်သည်။ (လက်ရှိ) သမ္မတ ကင်မ်ဂျောင်အွန်း (Kim Jong-un)၂၀၁၁ ခုနှစ်တွင် ဖခင်ဖြစ်သူ၏ ပျော်တော်ဆက် မိန်းမလှများ အဖွဲ့ကို ဖျက်သိမ်းခဲ့သည်၊

၂၀၁၅ ခုနှစ် ဧပြီလတွင် သမ္မတ ကင်မ်ဂျောင်အွန်း အတွက်” ပျော်တော်ဆက် မိန်းမလှများ အဖွဲ့အသစ်” ကို ထပ်မံဖွဲ့စည်းခဲ့သည်။ သမ္မတ ကင်မ်ဂျောင်အွန်း နှစ်သက်သည့်ပုံစံကတော့
* မျက်နှာသွယ်သွယ် နှင့် ချစ်စရာကောင်းသော မိန်းကလေးများ ဖြစ်ရမည်။
* အရပ် ၁၇၀ စင်တီမီတာ ကျော်ရမည်။
* ပိန်၍ ကိုယ်လုံးလှရမည်။
* အသက် ၁၆ နှစ်မှ ၁၇နှစ်ကြား ဖြစ်ရမည်။ ( သို့သော် အသက် ၁၃ နှစ် မိန်းကလေး တယောက်အား ရွေးထားသည်။ )

လက်ရှိ သမ္မတကင်ဂျောင်အွန်းသည် သူ၏ မိန်းမ လီ ဆိုးလ် ဂျူ ( Ri Sol-ju ) အား ထိုအဖွဲ့ထဲမှ ကောက်ယူလက်ထပ်ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြသည်။
အရွေးခံရသော မိန်းကလေးတို့သည် စာမေးပွဲ ၃ ဆင့် အစစ်ခံရသည်။

ပထမအဆင့် စာမေးပွဲ- မိန်းကလေးတို့သည် သူမကိုယ်သူမ အလှဆုံးဟု ထင်သော အမူအရာကို လုပ်ပြရသည်။ သူမ၏ အတော်ဆုံး ဖျော်ဖြေရေး တခုကို သရုပ်ဆောင်ပြရသည်။ သီချင်း၊ အက၊ အတီးအမှုတ် စသည် မျိုးရိုးကောင်းရမည်။ မျိုးရိုးထဲတွင် ထောင်ကျသူ မရှိစေရ။ မျိုးရိုးထဲ၌ မြောက်ကိုရီးယားမှ ထွက်ပြေးသောသူ တယောက် ရှိပါက ချက်ချင်း အပယ်ခံရသည်။

ဒုတိယ အဆင့်စာမေးပွဲ- ပထမအဆင့် အောင်မြင်သောမိန်းကလေးများ သည် တစ်လအကြာတွင် ဆေးစစ်ရသည်။အဓိက အပျိုစစ် မစစ် ဆေးစစ်ခြင်းဖြစ်သည်။ထိုမိန်းကလေးတို့ ဒုတိယအဆင့်စာမေးပွဲကျလျှင် အပျိုမစစ်၍ ဖြစ်သဖြင့် ကျောင်းတွင် ခေါင်းမဖော်ရဲအောင် အရှက်ရကြလေသည်။

တတိယ အဆင့်စာမေးပွဲ- ခြေဆုံး ခေါင်းဆုံး အမာရွတ်တခု ရှိလျှင် အပယ်ခံရသည်။ ကူးစက်ရောဂါရှိ မရှိ ၊ ကျန်းမာရေးကောင်းမကောင်း အကုန် အစစ်ခံရမည် ဖြစ်သည်။ တတိယအဆင့် အောင်မြင်သွားသောမိန်းကလေးသည် ဘာဆက်လုပ်ရမည်နည်း…? အလယ်တန်းကျောင်း ပြီးဆုံးပါက မြောက်ကိုရီးယား သမ္မတနိုင်ငံ မြို့တော် ပြုံယမ်းသို့ အပို့ခံရသည်။ ထိုအချိန်မှစ၍ အသက် ၂၇ နှစ် ပြည့်သည်အထိ မိဘ ဆွေမျိုးများနှင့် ဆက်သွယ်ခွင့် မရတော့ပေ။

ပထမဦးစွာ ထိုမိန်းကလေးတို့သည် သမ္မတ ၃ ဦး သမိုင်းကို အသေးစိတ် မှတ်သား ကျက်မှတ်ရလေသည်။ သူတို့နှင့် ပတ်သက်သော စာအုပ်များ ဖတ်နိုင်သလောက် များများ ဖတ်ရသည်။ စာစီစာကုံးများ ရေးရသည်။ ကျေးဇူးတင်ကြောင်း စာလွှာများစွာကိုလဲ အပြိုင်အဆိုင် ရေးရသည်။ ထိုအဆင့် အောင်မြင်မှ တကယ့်သင်တန်းများကို တက်ခွင့်ရသည်။

* လိင်ဖျော်ဖြေမှုပိုင်းဆိုင်ရာ ကျွမ်းကျင်မှု သင်တန်း
* အဆို အတီး အက ကျွမ်းကျင်မှုသင်တန်း
* အနှိပ် ကျွမ်းကျင်မှု သင်တန်း
* ဧည့်သည် (နိုင်ငံခြားသားများ) များကို ဧည့်ခံခြင်း ကျွမ်းကျင်မှု သင်တန်း
* အဖျော်ယမကာ တိုက်ကျွေးခြင်း ကျွမ်းကျင်မှု သင်တန်း
* အခြေခံ သူနာပြုသင်တန်း
ထိုသင်တန်းများ သင်ကြားလေ့ကျင့်ပြီးသောအခါ ကျွမ်းကျင်သည့် အရည်အချင်းများကို လိုက်၍ ထိုမိန်းမလှလေးများကို အဓိကအားဖြင့် အုပ်စု ၃ ခု ခွဲချလိုက်သည်။

1. လိင်ပိုင်းဆိုင်ရာ ကျေနပ်မှုပေးသည့်အဖွဲ့ – Manjokjo (만족조)
2. မာဆတ်ခ်ျ အနှိပ်အဖွဲ့ -Haengbokjo (h행복조) –
3. သီချင်းဆို/ အကအဖွဲ့ (တခါတရံ တကိုယ်လုံး ချွတ်၍ ကပြရသည်။) Gamujo (가무조)

သမ္မတက သဘောကျ၍ သူ့အတွက် လိင်မှုကိစ္စ ဖျော်ဖြေရန် အရွေးချယ်ခံရသော မိန်းကလေးများ ဆိုလျှင်တော့ ထိုမိန်းကလေးများသည် ထိုသမ္မတ၏ သီးသန့်အကြိုက် တို့ကို သိရှိရန် အထူးသင်တန်း တက်ကြရသည်။ သမ္မတကို ရေနွေးဖြင့် ရေချိုးပေးရသည်မှ စ၍ အင်္ကျီဝတ်ပေးရသည်အထိ လိုလေသေးမရှိ အကြောင်းအရာများကို အသေးစိတ်သင်ကြားရသည်။ တချို့ မိန်းမလှလေးများအား နိုင်ငံခြား ပညာတော်သင် လွှတ်သည်။ နိုင်ငံခြားမှ သင်ယူလာသော နည်းလမ်းအသစ်များနှင့် သမ္မတကို စိတ်ပျော်အောင် ပြုစုတတ်စေရန် ဖြစ်သည်။

အသက် ၂၇ နှစ်ရောက်လျှင် အသက်ကြီးသွား၍ သမ္မတက အလိုမရှိတော့။ ထိုမိန်းကလေးတို့သည် စစ်တပ်တာဝန် ထမ်းဆောင်ရတော့သည်။ ထိုအခါမှ မိဘဆွေမျိုးတို့ဖြင့် ဆက်သွယ်ခွင့်ရသည်။ ပျော်တော်ဆက် မိန်းမလှများအဖွဲ့မှကူးပြောင်းလာသော စစ်မှုထမ်း မိန်းမများသည် တခါတည်းနှင့် ရာထူးကောင်းကောင်း အမြှောက်စားခံရသည်။

သာမာန် စစ်အမှုထမ်း မိန်းမများသည် မည်သို့ဘဲ ကြိုးစားပါစေ ရာထူးကြီးကြီးရရန် မလွယ်ပေ။ အသက် ၂၇ နှစ် မပြည့်ခင် ( ဥပမာ မှတ်ဉာဏ်မကောင်း၊ ထိခိုက်ဒါဏ်ရာကြောင့် အမာရွတ်တခု ရရှိ၊ စသည်) အကြောင်းတခုခုကြောင့် ပျော်တော်ဆက် မိန်းမလှများအဖွဲ့မှ အပယ်ခံရသူများသည်လည်း မိဘဆွေမျိုးများထံ ပြန်ခွင့်မရှိပေ။

ထိုမိန်းကလေးများသည် အသက် ၂၇ ပြည့်သည်အထိ သတ်မှတ်ထားသောအဆောင်၌သာ နေရသည်။ ထိုမိန်းကလေးများအား သမ္မတလက်အောက်ရှိ ပထမတန်းစား အုပ်ချုပ်ရေးပိုင်း ယောက်ျားသားများ ဓာတ်ပုံပြ၍ သူမကြိုက်သောယောက်ျားကို ရွေးချယ်စေသည်။ ထိုသူနှင့် တွေ့ဆုံပြီး သူမက သဘောကျလျှင် လက်ထပ်ခွင့်ရှိသည်။

ထူးဆန်းသည်မှာ ထိုမိန်းကလေးများက ယောက်ျားများကို ရွေးချယ်ရခြင်း ဖြစ်သည်။ ယောက်ျားများက ရွေးချယ်ခွင့် မရှိပေ။ ထိုမိန်းကလေးများက သူမ လက်ထပ်ချင်သည့် ယောက်ျားမတွေ့လျှင် သမ္မတပျော်တော်ဆက် မိန်းမလှများအဖွဲ့၏ အကူ အလုပ်သမများအဖြစ် အသက်၂၇ နှစ် ပြည့်သည်အထိ နေထိုင်ရမည် ဖြစ်သည်။

၂၇ နှစ် ပြည့်လျှင် အခြား မိန်းမလှလေးများ နည်းတူ စစ်တပ်၌ တာဝန်ထမ်းဆောင်ရသည်။ ထိုအခါမှ သူများနည်းတူ မိဘဆွေမျိုးတို့ဖြင့် ဆက်သွယ်ခွင့်ရသည်။ သမ္မတပျော်တော်ဆက် မိန်းမလှများအဖွဲ့မှ ထိုမိန်းမလှလေးများသည် မည်သို့သော အကျိုးကျေးဇူးများကိုခံစားရသနည်း…? မြောက်ကိုရီးယားနိုင်ငံတွင် မိန်းကလေး တယောက်သည် သမ္မတပျော်တော်ဆက် မိန်းမလှများအဖွဲ့သို့ အရွေးချယ်ခံရလျှင် အလွန် ဝမ်းမြောက် ဂုဏ်ယူကြသည်။အဘယ်ကြောင့်ဆိုသော် သူမသည် နိုင်ငံ၏ အလှဆုံးသော မင်းသမီးများဟု အသိအမှတ် ပြုခံရသောကြောင့်ဖြစ်သည်။

ထိုမိန်းမလှလေးများ၏ အနာဂတ်သည် တောက်ပနေသည်။ သူမဘဝ တသက်တာ ဆင်းရဲခြင်းမှ လွတ်ကင်းပြီ ဖြစ်သည်။ ထိုမိန်းမလှလေးများ အားလုံးသည် နိုင်ငံတော်မှပေးသော လစာကောင်းကောင်း ( ၄,၇၀၀,၀၀၀ ဝမ် ) ရကြသည့်အပြင် သမ္မတတို့က သဘောကျလျှင် အပိုဆုငွေများလည်း ရကြသည်။ ထို့အပြင် သမ္မတချစ်သော မိန်းကလေးများသည် နိုင်ငံခြားမှ မုန့်ပဲ သရေစာများ အဖိုးတန် အဝတ်အစားများ အဖိုးတန် လက်ဆွဲအိတ်များ လက်ခံရရှိတတ်သည်။

လက်ရှိ သမ္မတ ကင်ဂျောင်အွန်းဆိုလျှင် သူချစ်သော မိန်းကလေးတချို့အား အထူး နံပါတ်တပ်ထားသော မာစီးဒီးစ်ကား( Mercedes Benz ) များကို ပေးသည်ဟု ဆိုသည်။ နိုင်ငံခြားသို့ အပျော်ခရီး ထွက်ခွင့်လည်း ပေးသေးသည်။ အသက် ၂၇ နှစ် ကျော်သွားသဖြင့် စစ်တပ်တာဝန် ထမ်းဆောင်ရသောမိန်းကလေးတို့သည် အတိတ်က သမ္မတသည် သူမအပေါ် ဘယ်အထိ အရေးပေးခဲ့သည် ဘယ်အဆင့်အထိချစ်တင်း နှီးနှောခဲ့သည်ကို မူတည်၍ ရာထူး အနိမ့် အမြင့် ရကြသည်။

အထူးသဖြင့် သမ္မတနှင့်အတူ အိပ်စက်ဖူးပါက အထူးအခွင့်အရေးများ အများဆုံး ရကြသည်။ အသက် ၂၇ ကျော်သွားသော်လည်း သမ္မတက အနားမှာ ရှိစေချင်သော မိန်းမလှများကတော့ စစ်တပ်ထဲ မဝင်ရပါ။ သမ္မတအနီး နေရသော အချက် အပြုတ် အိမ်အလုပ် စသည့် အလုပ်တာဝန်တခုခုကို အပေးခံရတတ်သည်။

သမ္မတ ပျော်တော်ဆက် မိန်းမလှများအဖွဲ့ မှ ထိုမိန်းမလှလေးများအား မြောက်ကိုရီးယား နိုင်ငံတွင် မည်သူကမျှ အထင်သေး ရှုံ့ချခြင်း မပြုရဲကြပါ။ ထိုမိန်းမလှလေးများသည် တနည်းအားဖြင့် တိုင်းပြည်တွင် ဩဇာအာဏာ ရှိသူများလည်းဖြစ်သည်။

ထိုမိန်းမလှလေးများ အသက် ၂၇ ကျော်၍ သာမာန် လူတန်းစား အသိုင်းအဝိုင်းသို့ ကျင်လည်သည့်အခါ လက်ထပ်ချင်သူ များပြား၍ တလေးတစား အရေးပေးခြင်း ခံရသူများလည်း ဖြစ်ပါသည်။ ထိုမိန်းမလှလေးများ နေမကောင်းဖြစ်လျှင် အုပ်ချုပ်ရေး လူတန်းစားများသာ တက်ရောက် ဆေးကုသခွင့်ရသော အထူးဆေးရုံတွင် အခမဲ့ ဆေးကုသခွင့် ရကြသည်။ သမ္မတနှင့် အထက်လူကြီးများနှင့် ရင်းနှီးသော ထိုမိန်းမလှလေးတချို့သည် မာနကြီး၍ မောက်မာကြသည်ဟုလည်း ဆို၏။

ပြည်သူတို့သည် ထိုမိန်းမလှလေးများ အသက်ကြီး၍ အဖွားကြီးဖြစ်နေပါစေ မလေးမခန့် စိတ်အနှောင့်အယှက် ဖြစ်အောင် မလုပ်ရဲကြပေ။ ထူးဆန်းတာ နောက်တခု ရှိသေးသည်။ ဒုတိယတန်းစားမိန်းမလှများ ပျော်တော်ဆက် အဖွဲ့ဖြစ်သည်။ အသက် ၃၀ ကျော် မုဆိုးမ၊ တခုလပ် ၊ကလေးအမေတို့ အလွန် ချောမောလှပနေလျှင်လည်း ဒုတိယတန်းစား ပျော်တော်ဆက် အဖွဲ့မှ ရွေးချယ်ခြင်းကို ခံရလေသည်။

ထိုမိန်းကလေးတို့သည် သမ္မတလက်အောက်တွင် တာဝန်ထမ်းဆောင်နေသော အထက်အရာရှိများ မကျန်းမမာဖြစ်လျှင် အလုပ်အကျွေး ပြုကြရသည်။ လိုအပ်လျှင် လိင်မှုကိစ္စပိုင်းဆိုင်ရာ ပြုစုခြင်းများလည်းပြုလုပ်ပေးရသည်ဟု ဆိုသည်။ ထိုမိန်းမချောများသည် မည်သို့သော အကျိုးကျေးဇူးများကို ခံစားရသနည်း? ထိုအမျိုးသမီးတို့၏ လစာကောင်းကောင်း ရသည့်အပြင် သားသမီးတို့သည် မြောက်ကိုရီးယားရှိ အဆင့်မြင့်တက္ကသိုလ်သို့ စာမေးပွဲမဖြေပဲ အစိုးရ ထောက်ပံ့ကြေးဖြင့် တက်ခွင့်ရလေသည်။

မြောက်ကိုရီးယားနိုင်ငံ၏ သမ္မတပျော်တော်ဆက် မိန်းမလှများ အဖွဲ့တွင် အလွန်လှပသော နိုင်ငံခြားသူများ ( များသောအားဖြင့် ရုရှားအမျိုးသမီးများ) လည်း ပါဝင်သည်ဟု ဆိုကြသည်။ ဤဆောင်းပါးကိုဖတ်ပြီး လောကနိယာမနှင့် မညီညွတ်မှုများကို များစွာတွေ့ရှိနိုင်သည်။
ထိုမိန်းမလှလေးများသည် အလယ်တန်း ကျောင်းသူဘဝမှာပင် သူမတို့၏ ဘဝရည်မှန်းချက်မှာ ပျော်တော်ဆက် အလှပြ ဖျော်ဖြေရေးမယ်တစ်ယောက် ဖြစ်ရန် မျှော်လင့်ကြပေမည်။

ဖျော်ဖြေရေးမယ်အဖြစ် အရွေးချယ်ခံရခြင်းသည်ပင် သူမတို့အတွက် အောင်မြင်မှုနှင့် ဂုဏ်တက်စရာ ဖြစ်နေသည်။ ဤသို့ဖြစ်ရသည်မှာ ထိုတိုင်းပြည်၏ အာဏာရှင်တို့ ဖန်တီးထားသော စနစ်ဆိုးကြောင့် ဖြစ်သည်။ ထိုမိန်းကလေးတို့တွင် ငြင်းဆန်ပိုင်ခွင့် မရှိ။ ရွေးချယ်ပိုင်ခွင့် မရှိ။ ထိုမိန်းကလေးတို့၏စိတ်တွင် သူမတို့သည် သွေး၊ ချွေး၊ ခန္ဓာကိုယ်နှင့် တဘဝလုံးကို ပေးဆပ်ထားသော တာဝန်ကျေပွန်အောင် ထမ်းဆောင်နေသော. ထူးချွန်ပြောင်မြောက်ကြသော သူများဟု မိမိကိုယ်ကို မိမိ ခံယူထားကြလေသည်။

ထို့ကြောင့် သူတို့သည် မောက်မာကြသည်။ ဘဝင် မြင့်ကြလေသည်။ စစ်အာဏာရှင် အစိုးရသည် တိုင်းသူပြည်သား အားလုံး ကို ခြောက်လှန့်ခြင်းနှင့် အကြောက်တရားအောက်တွင် ဟန်ချက်ညီအောင် အစီအစဉ်တကျ ထိန်းသိမ်းထားသည်။ ပျော်တော်ဆက် မိန်းမလှလေးများအဖွဲ့သည် အထင်ရှားဆုံး ဥပမာဖြစ်သည်။ ထိုအဖွဲ့သည် လောကနိယာမနှင့် မည်မျှပင် ကွာဟနေပါစေ မြောက်ကိုရီးယား နိုင်ငံတွင်မူအထွတ်အထိပ် ဂုဏ်ယူဝင့်ကြွားဖွယ်ဖြစ်နေသည်။ ပျော်တော်ဆက် မိန်းမလှလေးတို့သည် မြောက်ကိုရီးယားနိုင်ငံအပြင်မှ တကယ့် လူ့အခွင့်အရေး တကယ့် အမှန်တရားကို သိချင်ကြမည်ထင်ပါသလား?

အကယ်၍ သူမတို့ အမှန်တရားကို သိလာခဲ့လျှင် သူတို့ တဘဝလုံး ကြိုးစား ထူးချွန် ဂုဏ်တက်ခဲ့သမျှ အရာအားလုံး သဲထဲရေသွန် ဖြစ်ကုန်တော့မည် ဖြစ်သည်။ သူမတို့အတွက်တော့ ပြောင်းလဲခြင်းသည် ကြောက်စရာ အကောင်းဆုံးဖြစ်နေပေမည်။ သူမတို့ ဘဝသည်သာ အကောင်းဆုံးဟု ထင်နေကြပေမည်။
ဖျော်ဖြေရေးမယ် မိန်းမလှလေးများ၏ မိဘများသည် သူတို့ သမီးများ၏ ဘဝကို တကယ်ပင် ကျေနပ်ဝမ်းမြောက် ဂုဏ်ယူနေကြပါသလား?

ထိုမိန်းကလေးများနှင့် လက်ထပ်ကြသော ယောက်ျားများ၏ ခံစားချက်သည် မည်သို့ ရှိမည်နည်း? အကြောက်တရား၏ အောက်တွင် ရှိသော အဖြေသည် သံသယဝင်ဖွယ်ရာ အတိပင်။ အာဏာရှင် သမ္မတတို့သည် သူတို့လိုချင်တာ မှန်သမျှကို ခြောက်လှန့်ခြင်းဖြင့် ရယူထားသည်။ ပြည်သူတို့ သွေးချွေးများနှင့် ရင်းထားသည့် ပြည်သူ့ ဘဏ္ဍာ အခွန်အတုတ်တို့နှင့် စည်းစိမ်ကို အပြည့်အဝ ခံစားနေသည်။

တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူသည် တိုင်းပြည်၏ ဖခင် ဖြစ်သည်။ ပြည်သူများသည် သားသမီးများဖြစ်သည်။ ယခု ပြည်သူတွေမှာ ဆင်းရဲငတ်ပြတ်၊ အစာရေစာမရှိ၊ ရောဂါများ ထူပြောကာ လမ်းမများပေါ်၌ အေးခဲ သေဆုံးနေကြသဖြင့် ပြည်သူကို လူလို့ပင် သတ်မှတ်ပုံ မရတော့ပါ။ သူတို့သည် တိုင်းပြည်၏ သမီးပျိုများကို လက်ပါးစေ ငွေဝယ်ကျွန်များလို လိင်ကျွန်များလို ဆက်ဆံ၍ အသုံးတော်ခံနေသည့် အာဏာရ မုဒိမ်းကောင်ကြီးများသာ ဖြစ်ပါသည်။

ထိုကဲ့သို့ အာဏာရှင်တို့၏ စနစ်ဆိုးကြီးများ ကျဆုံးမှသာလျှင် ကျွန်မတို့ ကမ္ဘာကြီးသည်လည်း အမှန်တကယ် ငြိမ်းအေးနိုင်ပါလိမ့်မည်။ စာကြွင်း ။ မြောက်ကိုရီးယားနိုင်ငံ သမ္မတတို့အား ပျော်တော်ဆက်ရသော မိန်းမလှများအဖွဲ့ အကြောင်းကို ဗဟုသုတအနေဖြင့်သာ ရေးသားတင်ပြခြင်းဖြစ်သည်။ အကိုးအကား Credit

Leave a Reply

Your email address will not be published.