ဒီနေ့ကြရောက်တဲ့ ပူဇော်ပသရသော “ပုန်းမကြည်နတ်” နေ့ထူးအကြောင်း

ဒီနေ့ကြရောက်တဲ့ ပူဇော်ပသရသော ပုန်းမကြည်နတ် နေ့ထူးအကြောင်း

ပုန်းမကြည်ရှင်မသည် တောင်သူလယ်သမားများ အထူးယုံကြည် ကိုးကွယ်ကြသော နတ်ဖြစ်သည်။ ပုန်းမကြည်ရှင်မ ဖြစ်ပေါ်လာပုံမှာ ဓမ္မပဒ အဌကထာ ပါဠိတော်လာ ရန်ကိုရန်ချင်း မတုံ့နှင်းနှင့် ဟူသော ဇာတ်တော်မှ ဖြစ်ပါသည်။ ပုန်းမကြည်ရှင်မကို ဖုန်းမဂျီ၊ ပုပ္ပကြည် စသည်ဖြင့် ခေါ်ကြသည်။ ပုန်းမကြည် ဟူသော အဓိပါယ်သည် သင်္သကရိုက်ဘာသာ ပုဗ္ဗြဂီ မှ ဆင်းသက်လာသည်။ ပုဗ္ဗ= အိမ်ဦး၊ ဂြီ= နတ်(အိမ်ဦးနတ်)ဟု အဓိပါယ် ရပါသည်။

မြန်မာနိုင်ငံတွင် မွန်တိုင်းရင်းသားများက မဲကရီ ဟုလည်းကောင်း၊ ဓနု တိုင်းရင်းသားများက ဖုန်းကြယ် ဟု လည်းကောင်း ခေါ်ဆိုကြပါသည်။ သမင်မွေးရင်း ကျားစားရင်း ဇာတ်တော်မှ ဆင်းသက်လာပါသည်။ မဇ္ဈိမဒေသတွင် BC (၆) ရာစုက စတင်ကိုးကွယ်လာကြပြီး မြန်မာနိုင်ငံသို့ ရောက်ရှိလာပါသည်။

ရှေးဟောင်းသုတေသနနယ်ပယ်တွင် တူးဖော်မှုများမှ တွေ့ရလေ့ရှိသော mother goddess ဟု ခေါ်သည့် အမိနတ်သမီးကိုးကွယ်မှုနှင့် ပုန်းမကြည်နတ် ကိုးကွယ်မှု၏ ဆက်စပ်မှုများကိုလည်း ဖော်ထုတ်ရန် လိုအပ်နေပေသေးသည်။ မြန်မာနိုင်ငံတွင် တပေါင်းလ၊ ပုပ္ဗကြယ် ထွန်းလင်းချိန်၌ ပုန်းမကြည် ပူဇော်ပွဲကို ပြုလုပ်ပါသည်။

ကောက်လှိုင်းစည်းကို လူရုပ်ပုံ ပြုလုပ်ကာ ဦးခေါင်းတွင် ဘီလူးမခေါင်းစွပ်လျက် ပုန်းမကြည်ရုပ် ပြုလုပ်ကာ ကန်တော့ပွဲ၊ ကောက်ညှင်းပေါင်း၊ မုန့်ဖြူ၊ မုန့်နီ၊ ကျောက်ပျဉ်၊ သနပ်ခါး၊ မှန် တို့ဖြင့် ပူဇော်ကြပါသည်။ လုပ်ယာလုပ်ငန်းဖြင့် အောင်မြင်ကြီးပွားစေရန် ပုန်းမကြည်နတ်ကို ပူဇော်ကြပါသည်။ အထူးသဖြင့် အညာဒေသ ကျောက်ပန်းတောင်းမြို့နှင့် ဝန်းကျင်တွင် နှစ်စဉ် အစဉ်အလာမပျက် ပုန်းမကြည်နတ်တင်လေ့ရှိကြောင်း သိရှိရပါသည်။

‘ပုန်းမကြည်နေ့
*****************************
တပေါင်းလ္ဆန်း(၃)ရက် နေ့သည် အညာဒေသ၏ ရိုးရာယုံကြည်မှုတစ်ခုဖြစ်သော’ပုန်းမကြည်နတ်တင်သည့်နေ့(သို့)ပုန်းမကြည်နေ့’ဖြစ်သည်။ ပုန်းမကြည်နေ့ကို ဘယ်ခေတ် ဘယ်အချိန်က စခဲ့သည်မသိပါ တချိူ့ကလည်း အင်းဝခေတ်က စခဲ့သည်ဟု ဆိုသည် မည်သို့ပင်ရှိစေ ယင်းရိုးရာသက်ဝင်ယုံကြည်မှုကား ကျနော်တို့အညာဒေသတွင် ယနေ့ထက်တိုင် အခိုင်အမာယုံကြည်နေကြဆဲဖြစ်သည်။

ထိုသို့ပုန်းမကြည်နတ်တင်ကြသည့်အခါ မြန်မာ့ရိုးရာဆန်မုန့်နဲ့ပြုလုပ်ထားသော မုန့်မျိူ းစုံအပြင် ထမင်း လ္ဘက် ဆေးလိပ်တို့ကို တင်ပါတယ်၊ မြှောက်ပါတယ် ဝါးပါ၊ စားပါ၊ မြုံ့ပါ။ မိုးသုံးချက်၊ လေသုံးချက်နဲ့ညီပြီး စိုက်တဲ့သီးနှံတိုင်းအောင်မြင်ဖြစ် ထွန်းအောင် မ,စပါပုန်းမကြည်အရှင်သခင်မကြီးခင်များ” ဆိုပြီး ကျနော်တို့ငယ်ငယ်က လူကြီးသူမများက ပုန်းမကြည်နတ်တင်ကာ ဆုတောင်းတတ်ကြသည်။

ဆုတောင်းပြည့် မပြည့်တော့ကျနော်မသိပါ သို့သော် ယခုလိုပုန်းမကြည်နေ့ရောက်တိုင်း ကျနော်တို့ငယ်ငယ်က မနက်စောစောထကာ အမေမုန့်ကြော်တဲ့အနားမှာ မုန့်ရုပ်လေးတွေလုပ်ပြီး မုန့်ကြော်ခိုင်းကာ ငယ်သူငယ်ချင်းများနှင့်အတူ မြိန်ရေယှက်ရေမုန့် လု စားခဲ့ရတဲ့ ပျော်စရာကောင်းလှတဲ့ ကလေးဘဝလေးကိုတော့ ယနေ့ထိတိုင် အမှတ်ရနေမိသည်။ မြန်မာပြည်ကြီးဆန်ရေစပါးကောက်ပဲသီးနှံများ အလျံပယ်ပေါများကြွယ်ဝပါစေ။
~~~~~~~~~~~~~~~~~~~~~~~~

ပုန်းမကြည်, သားသားချစ်တဲ့ မိဘဟာ, လယ်သမားတွေပါ။
ရိုးရာဓလေ့မှာ မမေ့ကြောင်း, ရွာသားတွေလည်း စုကာပေါင်း။
တပေါင်းလ္ဆန်းသုံးရက်မှာ, “ပုန်းမကြည်မ”တင်မြှောက်တာ။
ရွာပြင်မှာ မုန့်ကြော်ကြ, မုန့်ဖြူ မုန့်နီ စုံလင်လှ။
လယ်ကွက်ထဲက စပါးရွှေ, အထွက်တိုးပါစေ, နှောင်နှစ်တွေ မိုးလေကောင်း, ပျိုးပင်သာအောင် ဆုတွေတောင်း။ crd #တင်လတ်ယု

Leave a Reply

Your email address will not be published.