Categories
ဗဟုသုတ

ကယားခေါင်ရည် သောက်တဲ့ဓလေ့ပေါ်ပေါက်လာပုံ

ကယားခေါင်ရည် သောက်တဲ့ဓလေ့ပေါ်ပေါက်လာပုံ

ရိုးရာခေါင်ရည်ဖြစ်ပေါ်လာပုံကို နေရာဒေသအလိုက် ကွဲလွဲပေမယ့် ကယားလူမျိုးအများစု​ပြောလေ့ရှိတာက ငါးပိုက်ကွန်မှာငြိနေတဲ့မိချောင်းသားငယ်ကိုကယ်တယ်ရန် မိခင်မိချောင်းမက သစ်ခုတ်သမားအား လိုရာပေးမည်ဟုကတိပေးကာအကူအညီတောင်းလေ၏။ ထို့နောက် သစ်ခုတ်သမားအား ကျေးဇူးဆပ်တဲ့အနေဖြင့် ခေါင်ရည်တိုက်၍ လိုရာဆုပါတောင်းစေပါတယ်။

သစ်ခုတ်သမားလဲ အရသာကောင်းလွန်းတဲ့ခေါင်ရည်ဖော်စပ်ရန်လိုအပ်တာသာပေးပါဟုတောင်းလေ၏။ မိချောင်းမက တဆေးမှုန့်ပေးပြီး “အိမ်ပြန်လမ်းတစ်လျှောက် မည်သူနှင့်မျှ စကားပြောဆိုခြင်းမပြုရ၊ ချဉ်သောအရသာရှိသည့် မည်သည့် အကောင်၊ အသီး၊ အပင်များကို ကိုင်တွယ်ထိတွေ့ စားသုံးခြင်းမပြုရ၊ အိမ်သို့ တန်းတန်းမတ်မတ် ပြန်ရန်” သစ်ခုတ်သမားအား အသေအချာ မှာကြားလိုက်လေသည်။

လမ်း၌မောပန်း၍ခေတ္တအနားယူအိပ်ပျော်သွားချိန်တွင် ပျား၊ ပိတုန်း၊ ပဒူ အစရှိသူတို့သည် တဆေးမှုန့်ကို လာရောက်စုပ်ယူ စားသုံးကြရာ တဆေးမှုန့် အနည်းငယ်သာ ကျန်ရှိလေသည်။ သစ်ခုတ်သမားလည်း ကျန်ရှိသည့် တဆေးမှုန့်များကို ယူ၍ နေအိမ်သို့ ပြန်ရောက်သည့်အခါ ထျေးဇား ခေါ် ခေါင်ရည်ကို ချက်လုပ်ရာ ချဉ်တစ်လှည့် ချိုတစ်လှည့် အရသာကို ရရှိလေသည်။

ထိုအကြောင်းကို မိကျောင်းမကြီးသိသော် မိမိ၏ တန်ဖိုးရှိလှသည့် ခေါင်ရည်ကို ပျက်စီးအောင်လုပ်လေခြင်းဟု ဆိုပြီး ပြင်းစွာ အမျက်ထွက်လေသည်။ ထိုအချိန်မှ စ၍ လူသားတို့ ချက်လုပ်သည့် ခေါင်ရည်မှာ ချိုတစ်လှည့် ချဉ်တစ်လှည့် ဖြစ်လေ့ရှိသည် ဟူသတတ်။ ထိုသို့ ယုံကြည်ကြသည့်အတိုင်း မြစ်ချောင်းအင်းအိုင်များ ကူးခတ်ရာတွင် တဆေးများ သယ်ဆောင်ခြင်း မပြုကြကြောင်း ယနေ့တိုင် လက်ဆင့်ကမ်း ပြောဆိုလာကြပါသည်။

ခေါင်ရည် (ကယား) သောက်သုံးခြင်းမှာ (က) အဟာရဖြစ် သောက်သုံးခြင်း (ခ) ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းဆိုင်ရာ အလေ့အထများနှင့် လုပ်ငန်းဆောင်တာများတွင် ခေါင်ရည် သည် မပါမဖြစ် ရိုးရာအစားအသောက်တစ်ခုဖြစ်ခြင်း (ဂ) အသိမိတ်ဆွေအဖြစ် အသိအမှတ်ပြုသောက်သုံးခြင်း (ဃ) ချစ်ကြည်ရင်းနှီးမှုအတွက် သောက်သုံးခြင်း (င) ကတိသစ္စာပြုခြင်းအတွက် သောက်သုံးခြင်း (သို့) သစ္စာရေအဖြစ် သောက်သုံးခြင်း တို့ဖြစ်သည်။

ဥပမာအားဖြင့် – အိမ်သစ်တက် ပွဲ၌ အိမ်ရှင်က ကျေးရွာမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာပါမည့်အကြောင်း ခေါင်ရည် (သစ္စာရေ) သောက်သုံး၍ ရွာမိရွာဖများစုံညီ ရှေ့မှောက်တွင် ကတိသစ္စာပြုခြင်း၊ ၅နှစ် တစ်ကြိမ် (သို့) (၁၀) နှစ် တစ်ကြိမ် ပြုလုပ်သည့် ပေါ်ကေးဒူ ခေါ် ကျေးရွာအတွင်း လိုက်နာရမည့် ကျင့်ဝတ်များ ချမှတ်သည့် ရွာလုံးကျွတ်ညီလာခံ၌ ကျည်ဆံ၊ ဓါးသွား၊ ဝက်သွေး နှင့် ခေါင်ရည်တို့ ရောနှောပါဝင်သည့် သစ္စာရေကို အိမ်ထောင်ဦးစီးအားလုံး သောက်သုံးရခြင်းစသည့် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများဆိုင်ရာလုပ်ငန်းဆောင်တာများတွင် ခေါင်ရည်ဖြင့် သက်သေပြု တိုင်တည် ကြရသည်။

ခေါင်ရည် ချက်လုပ်ပုံ- ခေါင်ရည်ချက်လုပ်ရာတွင် အဓိကပါဝင်သည့် ပစ္စည်း ၃ မျိုးမှာ ပြောင်းကောက် (နှံစားပြောင်း)၊ရေနှင့် တဆေးတို့ဖြစ်သည်။
ခေါင်ရည်ချက်လုပ်ပုံအဆင့်ဆင့်မှာ အောက်ဖော်ပြပါအတိုင်းဖြစ်သည် – (၁) ပထမဦးစွာ ပြောင်းကောက်ကို ထမင်းအိုးတည်သကဲ့သို့ တည်၍ ချက်ကြသည်။ (၂) ပြောင်းကောက်ကျက်လျှင် ဖျာပေါ်သို့ ခူးချ၍ ဖြန့်ချထားကာ အအေးခံထားရသည်။

(၃) အေးပြီဆိုသည်နှင့် ပြောင်းကောက်ပေါ်၌ တဆေးမှုန့်ကို အချိုးညီညီ ဖြူးကာ ၂ – ရက် (သို့) ၂ – ည ကြာထား၍ ထပ်မံ အအေးခံရသည်။ (၄) ၂ – ရက် (သို့) ၂ – ည လွန်မြောက်ပြီးနောက် တဆေးမှုန့်ဖြူးထားသည့် ပြောင်းကောက်ကို စဉ့်အိုးထဲ ထည့်၍ အလုံပိတ်ထားပြီး ရက်သတ္တပတ် (၃) ပတ်ခန့် ထားရသည်။ (၅) ရက်သတ္တပတ် (၃) ပတ်ပြည့်လျှင် ခေါင်ဖောက်ထားသောစဥ့်အိုးထဲသို့ ရေနွေးပူပူလောင်းထည့်ပြီးခဏကြာလျှင် ခေါင်ရည်အဖြစ်ဝါးနဲ့လုပ်ထားတဲ့ ပိုက်နဲ့ သောက်သုံးနိုင်ပြီဖြစ်သည်။

တဆေး ပြုလုပ်ပုံ – တ​ဆေးသည် ခေါင်ဖောက်ရာ၌ ရိုးရာယုံကြည်မှု အရဖြစ်စေ၊ နည်းပညာအထောက်အကူပြုပါဝင်ပစ္စည်း တစ်ခုအနေဖြင့် ဖြစ်စေ အဓိကကျလှ၏။ ခေါင်ဖောက်ရာတွင် အသုံးပြုသည့် တစေးမှာ မိကျောင်းထံမှ ရရှိလာသည့် မြင့်မြတ်သည့် ပစ္စည်းဖြစ်သည့်အတွက် အသက်ရှိကြောင်း ယုံကြည်ကြသည်။ တဆေးရဖို့ ဆန်ကိုထောင်းပြီး နေရောင်အောက်မှာ အပူလှန်းရ၏။ အခြောက်လှမ်းပြီးရင် ရေအနဲငယ်ထည့်၍ အလုံးလုံးပြီး ဒီအလုံးလေးတွေအပေါ်ကို ဆန်ခွံတွေ ဖြန်း၊ ခြောက်ပြီး အတုံးအသေးလေးတွေ ဖြစ်သွားတဲ့ အထိ စောင့်ရပါတယ်။ ပြီးရင် အပေါက်တစ်ပေါက်စီ ဖောက်၊ ဝါးချည်သွပ်၍ကြိုးချည်ပြီး မီးဖိုအပေါ်မှာတင်ရပါတယ်။

ဒီဒေသတွေက မီးဖိုဆိုတာ မီးဖိုချောင်အခန်းရဲ့ အလယ်မှာပါ။ တစ်ပတ်လောက်စောင့်ရပါတယ်။ အဲဒီအခါမှာ ကဇော်ဖောက်ရာမှာလိုအပ်တဲ့ အချိန်ကြာကြာထားလို့ရတဲ့ တဆေးတုံးကိုရပါပြီ။ ဒီလို မလုပ်ချင်ရင်လည်း တဆေးတုံးကို ဆိုင်ကနေ ဝယ်လို့ ရပါတယ်။ပြောင်းကောက်ပေါ်မှာဖြူးကာနီးမှ အမှုန့်ပြန်ထောင်းယူပါတယ်။ ခေါင်ချက်လုပ်ရန်အတွက် တဆေးပြုလုပ်ခြင်းနှင့် တဆေးထောင်းခြင်းအမှုကို အမျိုးသမီးများ ကသာ ပြုလုပ်ကြပါသည်။

အပျိုဖော်မဝင်ခင် (တစ်နည်းအားဖြင့် ပထမဦးဆုံးအကြိမ် ဓမ္မတာမလာခင်) ဘဝကပင် တဆေးပြုလုပ်ခြင်းနှင့် တဆေးထောင်းခြင်းအမှုကို ပြုမှသာလျှင် ရာသက်ပန် တဆေးထောင်းခွင့်ရှိသည့် အမျိုးသမီးအဖြစ် ရပ်ရွာက အသိအမှတ် ပြုကြသည်။

တဆေးပြုလုပ်ခြင်းနှင့် တဆေးထောင်းခြင်း (၂)ရက်တာကာလအတွင်း ဧည့်သည်များအိမ်သို့ အလည်လာခြင်းကို လက်မခံသကဲ့သို့ ချဉ်သော အရသာရှိသည့် အစားအစာများနှင့် ပဲပုပ် ငါးပိစသည်တို့ကိုလည်း စားသုံးခြင်း မပြုကြပေ။ တဆေးပြုလုပ်ခြင်းနှင့် တဆေးထောင်းခြင်းအမှုကို ပြုသည့်အခါ ဧည့်သည်များ လာရောက်လည်ပတ်၍ မရကြောင်း အိမ်ရှေ့ဝင်းတံခါးဝ၌ သစ်ကိုင်း သစ်ရွက်များဖြင့် အရံအတား ပြုလုပ်ကာ အသိပေးလေ့ရှိကြသည်။ မှီငြမ်း The Kite Tales ကန္တာရဝတီတိုင်းမ် မဇ္ဇိမ  and Crd to Yangon Rangon page

Leave a Reply

Your email address will not be published.