Categories
ဗဟုသုတ

သမိုင်းမှာနာမည်ဆိုးနှင့်ကျော်ကြားသူ နန်းမတော်မယ်နုရာဇဝင်

သမိုင်းမှာနာမည်ဆိုးနှင့်ကျော်ကြားသူ နန်းမတော်မယ်နုရာဇဝင်

နန်းမတော်မယ်နုဟုဆိုလိုက်သည်နှင့် “တိုင်းပြည်ခိုက်သောမြေးအဖွား(၃)ဆက်၊ ပထမအင်္ဂလိပ်-မြန်မာ စစ်ရှုံးသူမယ်နု၊ သူ့သမီးဆင်ဖြူမရှင် နန်းတွင်းအာဏာလုပွဲအတွက် မင်းတုန်းမင်း ၏ သားတော်(40)ကျော်ကိုသတ်ကာ သီပေါမင်းကိုသူ့သမီး စုဖုရားလတ်နှင့်လက်ထပ်ပေးသူ၊ မြေးမတော်စုဖုရားလတ် သီပေါမင်းကိုကျော်၍ အမိန့် မနာခံသော) ဟုနာမည်ဆိုးနှင့်ကျော်ကြားသူ အဖြစ်သိကြသလို အင်းဝရှိမယ်နုအုဋ်ကျောင်းကိုလည်း မြင်ယောင်မိကြမည်ဖြစ်ပါသည်။

ဟုတ်ပါသည်၊မယ်နုသည် မဟာအောင်မြေဘုံစံ မယ်နု အုဋ်ကျောင်းကြီး၏ ဒကာမဖြစ်သလို သူမဘဝ၏ အံ့ဖွယ်အတိတ်ကံအကျိုးပေး၊ ပင်ကိုယ် စိတ်ထက်မြက်ကြွပ်ဆတ်မှု၊ အတ္တကြီးပြီး အကြောက်တရားကင်းမှု၊ ဆင်ခြင်တုံတရားနည်းပြီး တဇွတ်ထိုးနိုင်မှုတို့က သူမကိုအထွဋ်အထိပ်သို့ ရောက်ရှိစေခဲ့သည်။

နန်းမတော်မယ်နုသည် ဖလံခုံရွာဇာတိထောင်မှူး သီဟကျော်စွာဘွဲ့ခံ ဦးလှုပ်နှင့်ဒေါ်ငယ်တို့မှ 18June,1783 အင်းဝမြို့၌မွေးဖွားသည်။ မွေးချင်းနှစ်ယောက်ရှိပြီးကျန် တစ်ယောက်မှာမောင်အိုဖြစ်သည်။ မယ်နုသည်ရွှေလင်ဗန်းနှင့် အချင်းဆေးသော တော်ဝင်မျိုးရိုးမဟုတ် သာမာန်အရပ်သူတစ်ဦးသာ ဖြစ်သော်လည်း သူမဘဝတွင် ထူးဆန်းမှုကြီးကြီးမားမား (2)ကြိမ်ကြုံတွေ့ခဲ့သည်။

မယ်နုငယ်စဉ်က အိမ်မှာလူကြီးမိဘများနှင့် တစ်ရွာမှတစ်ရွာသို့သွားလာရာ လမ်းဇရပ်တစ်ခု၌အိပ်ကြသည်။ မယ်နုကထမင်းချက်တာဝန်ယူ၍ ချက်ပြုတ်ရာမနက်မိုးလင်းသောအခါ မယ်နုထမင်းချက်ခဲ့သောနေရာ၌ မှိုပွင့်ကြီးတစ်ပွင့်ပေါက်လာရာ လူကြီးများကအံ့ဘွယ် နိမိတ်ကောင်းဟုမှတ်ယူကြသည်။
မယ်နုအသက်၁၂နှစ်သမီးအရွယ် မြစ်ဆိပ်၌ရေချိုးချိန်တွင် သူမ၏အနီရောင်ရေလဲလုံချည်ကို စွန်ရဲ တစ်ကောင်မှချီယူသွားပြီး အမရပူရနန်းတော်အတွင်းရှိ မိဖုရားများစံပယ်ရာ တောင်နန်းဆောင် အမိုး၌ချထားခဲ့သည်

ဘိုးတော်ဘုရားက လုံချည်ပိုင်ရှင်ကို ရှာဖွေစစ်ဆေးဖော်ထုတ်ကာမယ်နုကို တောင်နန်းအပျိုတော်အဖြစ် ခန့်ထားလိုက်ရာမှ အရှုပ်တော်ပုံဖန်တီးမည့် အဓိကဇာတ်ကောင်ကိုခေါ်မိသည့် အမှားကြီးတစ်ခုဘိုးတော်ဘုရား ပြုလုပ်မိသွားသည်။ ကုန်းဘောင်မင်းဆက်တွင် နန်းသက်အရှည်ဆုံး ဘိုးတော်ဘုရား သည် (37)နှစ်ကြာနန်းစံပြီး ဘကြီးတော်စစ်ကိုင်းမင်းကို အိမ်ရှေ့အရာအပ်နှင်းပြီး ညီတော်သာယာဝတီမင်းသားကို ဒုတိယနှင့်ဘကြီးတော််၏ သားတော် စကြာမင်းသားလေးကိုတတိယ နန်းလျာထားသည်။

ဘကြီးတော်မှာအိမ်ရှေ့မင်း ရာထူးသာရှိသေးပြီး မိဖုရားခေါင်ကြီးမှာ ဆင်ဖြုရှင်မယ်ဖြစ်သည်။ ဆင်ဖြူမယ်သည် စကြာမင်းသားလေးကိုမွေးပြီး ၁ပတ်အကြာ1812 အောက်တိုဘာလတွင် ကွယ်လွန်လေသည်။ မယ်နုသည်စက်စက်ယိုအောင်လှသူဟု မဆိုနိုင်သည့်တိုင် ပကတိရုပ်ရည်ကားတည်ကြည်သည်။ အပြောချို ၍ကိုယ်နေဟန်အချိုးကျကာ သွယ်လျကျော့ရှင်းပြီး သူမ၏နန်းမူရာမှာ နန်းတွင်းသူများအတုယူရသည ်အထိမဟာဆန်သည်။

ယောကျာ်းတကာတို့ နှစ်သက်ခံရပြီး ထိုအထဲတွင် အိမ်ရှေ့မင်း ဘကြီးတော်လည်း ပါဝင်သည်။ အမရပူရနန်းတွင်း၌ အိမ်ရှေ့မင်းအားမယ်နုထက် မဟာဆီမဟာသွေးအချင်းချင်း အိမ်ထောင်ပြုစေလို ဤ“လူမှာအမျိုးကြက်မှာအရိုး”ဟု ဘကြီးတော်ကိုသတိပေးသည်။ မယ်နုကလည်း “လူမှာအချစ် ကြက်မှာအမြစ်” ဟုချေပကာဘကြီးတော်ကို ရအောင်သိမ်းသွင်းခဲ့သည်။

ဘိုးတော်ဘုရားလွန်သော်ဘကြီးတော်သည် 1819ဇွန်လ(5)ရက်တွင် နန်းတက်ကာ(1823)မြို့တော်ကို အမရပူရမှအင်းဝသို့ရွှေ့သည်။ ဘကြီးတော်သည်ခပ်အေးအေးနေတတ်သလို မယ်နုကိုအလွန ချစ်သဖြင့် အဂ္ဂမဟေသီ တောင်ညာစံ မိဘုရားခေါင်မြောက်လေသည်။ မယ်နုသည်ပင်ကိုယ်ထက်မြက်သူပီပီ နန်းတွင်းတစ်ခုလုံးအရေးသာမက တိုင်းရေးပြည်ရေးကို စိတ်တိုင်းကျချယ်လှယ်တော့သည်။

နန်းတွင်းမှာလဲအမျိုးနိမ့်သူ မိဖုရားခေါင်ဖြစ်လာပြီး ဓားထက်၍သာကြောက်ရသည် မည်သူကမှမယ်နုကို မကြည်ဖြူကြချေ။ ယခင်ဘုရင်နှင့်မိဘုရား ရာဇပလ္လင်ပေါ် အတူမထိုင်သော်လည်း မယ်နုသည် ထိုအစဉ်အလာကိုဖျက်ကာ အတူထိုင်သဖြင့် တရုတ်သံမှူးများ အံ့အားသင့်ကြသည်။ 1819တွင် မယ်နုသည် သူ့မောင်အရင်းဖြစ်တဲ့မောင်အိုကို စလင်းမြို့ကိုစားစေပြီး နန်းတော်တွင်းသူမ၏ အာဏာစက်ကိုခိုင်မာအောင်တည်ထောင်သည်။

ထို့အပြင်မောင်အိုအား သတိုးဓမ္မရာဇာဘွဲ့ချီးမြင့် လိုက်သလို ဘကြီးတော်ကလည်း သူ့ယောက်ဖအားမြှောက်စားသည့်အနေဖြင့် ထိပ်တန်းမင်းညီမင်းသားစာရင်းသွင်းကာ၊ လွှတ်တော်တက်ခွင့်ပေးသည့်အပြင် ရွှေထီးရှစ်ချက်မိုး ခစားခွင့်ပေးသဖြင့် မောင်အိုသည်နားထင် သွေးရောက်သွားလေသည်။ ရှေသမိုင်းမှာနာမည်ဆိုးနှင့်ကျော်ကြားသူ နန်းမတော်မယ်နုရာဇဝင်ခေတ်ကမင်းသားများ၏ အဆင့်အတန်း ကို ထီးဆောင်းအရေအတွက် အနည်းအများဖြင့် ခွဲခြားလေ့ရှိသည်။

ညီတော်သာယာဝတီမင်းပင် ထီးဆယ်ချက်သာမိုးခွင့်ရှိ၍ ယောက်ဖတော်မောင်အိုသည် ညီတော်အိမ်ရှေ့မင်းထက် မဆိုသလောက်သာ နိမ့်သည့်သဘောသက်ရောက်စေသည်။ နေ့ချင်းညချင်း မောင်အိုတန်ခိုးထွားလာသဖြင့် ကုန်းဘောင် မျိုးဆက်ကိုအပြုတ်ဖြုတ်ပြီး သူကိုယ်တိုင်ဘုရင် လုပ်ရန် ကြံလေတော့သည်။ ထို့ကြောင့်နန်းတွင်း အားပြိုင်မှု (3)စုကွဲပေါ်ပေါက်လာသည်။

(1)နိုင်ငံရေးအာဏာပိုင်ဆိုင်သောမောင်အိုနှင့် မယ်နုကတစ်ဖွဲ့(2)သူတို့၏မဟာပြိုင်ဘက်များတွင်ဘကြီးတော်မင်းပြီးနောက် နန်းညွန့်နန်းလျာဆက်ခံဖို့ အခွင့်အရေးရှိသူ သာယာဝတီမင်းသည် ထိပ်ဆုံးဖြစ်သည်။ သူကိုယ်တိုင်လက်ရုံးရည်နှင့်ပြည့်စုံ သလို နောက်လိုက်အင်အားကောင်း များစွာပိုင်ဆိုင်ထားသည်။

(3)စကြာမင်းသားခေါ် ညောင်ရမ်းမင်းသားလေးသည် မွေးဖွားစဉ်ကစကြဝတေးမင်း တို့ ဘုန်းကြီးသည့်လက္ခဏာရပ်များဖြစ်ကြသော ဥက္ကာပျံ၊ငလျင်လှုပ်၊ တော်လဲမြည်ခြင်း၊လက်ဝါးများတွင် ခရုပတ်နှင့်မှဲ့ရှင်များ ထူးခြားထင်ရှားစွာတွေ့ရခြင်း၊ အချင်းစလွယ်သိုင်းခြင်း၊ ခုနစ်ရက်ရလျှင်မယ်တော်ကွယ်လွန်၍ ဖွားဖက်တော်ခုနစ်ဦးလည်းပေါ်ခြင်း၊ ရုပ်ရည်အင်မတန် ချောမောလှပ၍ နန်းတွင်းသူနန်းတွင်းသားများ တိုင်းသူပြည်သားများက အလွန်ချစ်ခင်နှစ်သက်ကြသည့် လူထု အင်အားကိုပိုင်ဆိုင်သော ဘကြီးတော်၏တစ်ဦးတည်းသောသားဖြစ်သဖြင့် ဘကြီးတော်ကနန်းလွှဲ လိုသည်မှာ တွေးကြည့်ယုံဖြင့်သိနိုင်ပါသည်။

ထို့ကြောင့်မောင်အိုသည် စကြာမင်းသားလေး နားထွင်းပြီး အိမ်ရှေ့အရာအပ်နှင်းခြင်း ကိစ္စကို အချိန်ဆွဲသည်။ အသက်(20)ကျမှ နားထွင်းသည့် တိုင်နိုင်ငံရေးအာဏာကို မင်းသားလေးအားလွှဲမပေးခဲ့ချေ။ မယ်နုနှင့်မောင်အိုသည် ဘကြီးတော်နှင့်မယ်နုနန်းစံသော (18)နှစ်လုံးလုံး သာယာဝတီမင်းကို အသိအမှတ်မပြုချယ်လှယ်ပြီး နောင်တော်နှင့်တွေ့ခွင့်ပိတ်ပင်သည်။

ထိုခေတ်ကမယ်နုကြောက်ရသူ တစ်ဦးရှိသည် ထိုသူမှာဆရာတော ဦးဗုဓ်ဖြစ်သည်။ သက္ကရာဇ်1822ခုနှစ်တွင် ဘကြီးတော်နှင့်နန်းမတော်မယ်နုတို့က ကျောင်းဆောက်လုပ်ရာတွင် ငါးနှစ်ကျော်ကြာမြင့်ခဲ့ပြီး သက္ကရာဇ်1827ခုနှစ်တွင် မဟာအောင်မြေဘုံစံဟု ကမ္ပည်းထိုးကာညောင်ကန် ဆရာတော် ဦးပိုအားလှူဒါန်းခဲ့သည်။တစ်နှစ်အကြာတွင်ဆရာတော်ဦးပို ပျံလွန်တော်မူပြီးနောက် ဒုတိယညောင်ကန်ဆရာတော်ဦးဗုဓ်အား ထပ်မံလှူဒါန်းခဲ့သည်။

အုတ်ကျောင်း အကျယ်အဝန်းမှာ အလျား192ပေ၊ အနံ112ပေနှင့် အမြင့်94ပေရှိပြီး ကျောင်းတည်ဆောက်ရာတွင် ငွေကျပ်သုံးသိန်းကုန်ကျကြောင်း၊ သက္ကရာဇ် 1838 ပြည့်နှစ်တွင် ငလျင်ဒဏ်ကြောင့်ပြိုကျခဲ့ရာ နန်းမတော် မယ်နု၏သမီးတော် ဆင်ဖြူမရှင်က သက္ကရာဇ်1872ခုနှစ်တွင် ထပ်မံပြုပြင်ခဲ့ကြောင်း မှတ်တမ်းများအရသိရသည်။

ကျောင်းကြီးကိုအုတ်၊အင်္ဂတေတို့ဖြင့် မိဖုရားခေါင်ကြီးမယ်နုက တည်ဆောက်ခဲ့သောကြောင့် မယ်နု အုတ်ကျောင်းဟုထင်ရှားခဲ့သည်။ ပညာရှင်များ၏ ဗိသုကာလက်ရာ၊ ပန်းရန်နှင့်ပန်းတမော့ အနုပညာ လက်ရာများ ကျောင်းဆောင်ကြီးအတွင်းရှိ စင်္ကြံ ပတ်လမ်းနှင့်အခန်းဖွဲစည်းပုံများ၊ အဝင်ပေါက် သစ်သားတံခါးများကို အသံများဖန်တီးတပ်ဆင်ပုံတို့ကြောင့် ခံ့ညားထည်ဝါလှသော ကျောင်းကြီးဖြစ် သည်။

ဘကြီးတော်နန်းတက် ဘိသိက်မင်္ဂလာသွန်း အခမ်းအနား ဆင်ယင်သောအခါ၌ မဏိပူရစော်ဘွား မတက်ရောက်ချေ။ မဏိပူရစော်ဘွားကို သင်ခန်းစာပေးရန်လိုက်ဖမ်းရာ အင်္ဂလိပ်ပိုင်နယ်ထဲအထိဝင်ပြေးသဖြင့် အင်္ဂလိပ်တို့နှင့်နယ်စပ်ပြဿနာငြိလာရာမှ အင်္ဂလိပ်တို့(1824)တွင် စစ်ကြေညာသည်။ စစ်သူကြီးမဟာဗန္ဓုလသည် ရခိုင်တွင် စခန်းချကာ မြဝတီမင်းကြီးဦးစက ပန်းဝါတွင် အင်္ဂလိပ်တို့ကိုအနိုင်တိုက်သည်။

မြန်မာတပ်များဘင်္ဂလားနယ် အထိရောက်နေသဖြင့် အင်္ဂလိပ်ဘုရင်ခံပင် ကျီးလန့်စာစားနေရသည်။ ဗန္ဓုလသာစစ်တကောင်းထိ တက်တိုက်၍ဖိအားပေးခဲ့မည်ဆိုလျှင် အင်္ဂလိပ်တို့ပျာယာခတ်သွားနိုင်သည်။အင်္ဂလိပ်တို့သည် ထိုအခြေနေကိုရိပ်စားမိသဖြင့် ရန်ကုန်ဖက်မှပတ်ဝင်၍ တန်ပြန်တိုက်စစ်ဆင်သော ဗျူဟာကိုသုံးကာ စစ်မျက်နှာပြောင်းလိုက်လေသည်။ ထိုအချိန်သာယာဝတီလို အဆင့်မြင့် မင်းသားက ရန်ကုန်သို့ဆင်း၍ကာကွယ်ရန ်သူစုဆောင်းထားသည့်လူသူများနှင့် အင်္ဂလိပ် စစ်သင်္ဘောများကို ခုခံတိုက်ခိုက်လိုကြောင်း တင်ပြသည်။

ဘကြီးတော်ကလည်းသဘောတူကာ အမြန်စေလွှတ်ချင်သော်လည်း ပြိုင်ဘက်စလင်းမင်းသား ကြီးမောင်အိုနှင့် မှူးမတ်များက သာယာဝတီ မင်းသားအားလက်နက်ဆင်၍လွှတ်လိုက်လျှင် ပုန်ကန်လိမ့်မည်ဟုကန့်ကွက်ကာ နိုင်ငံ့အရေးတော်ထက် အာဏာရရှိလိုသော ပုဂ္ဂိုလ်ရေးကိုဦးစားပေးခဲ့သည်မှာ စိတ်ပျက်စရာဖြစ်လေသည်။ ဘကြီးတော်လည်းအရိပ်ကိုရန်သူထင်၍ နောက်ဆုံးတွင် မဟာဗန္ဒုလပြန်လာသည် အထိစောင့်ပြီးမှ သွားရောက်တိုက်ရန် အမိန့်ချလိုက်လေသည်။

ထို့ကြောင့်ရခိုင်မှပြန်လာမည့် ဗန္ဒုလကိုစောင့်ရင်း ၅လအထိကြာသွားသဖြင့် ထိုအချိန်တွင်အင်္ဂလိပ်တို့ကလည်း ရွှေတိဂုံကုန်းတော်တစ်ဝိုက်ကို အခိုင်အမာ တပ်စွဲ၍ အသာစီးရသွားတော့သည်။ သာယာဝတီမင်း၏တပ်များသည် ရန်ကုန်သို့ချီ၍ ကျိုက်ကလို့ တွင်တပ်ချထားသည်။ အင်္ဂလိပ်တို့က သာယာဝတီ ၏တပ်ကိုဝိုင်းတိုက်သော်လည်း အနိုင်မရခဲ့ချေ။ သာယာဝတီမင်းသားကြီးက အခြေအနေရိပ်စားမိသဖြင့် စောစောစီးစီး စစ်ပြေငြိမ်းရန်တင်ပြသော်လည်း မောင်အို၊မယ်နုတို့မှလက်မခံပဲ စစ်ကို သာထပ်တိုးတိုက်သည်။

ဗန္ဒုလဓနုဖြူတွင်ကျသွားသဖြင့် အင်္ဂလိပ်တပ်တွေလည်းနေပြည်တော်နှင့် မိုင်(၄၀)သာဝေးသည့် ရန္တပိုရွာသို့ရောက်မှ စစ်ပြေငြိမ်းရေးစာချူပ်ချုပ်ရတော့၏။ နယ်မြေဆုံး၊စစ်သူကြီးကျ၊ စစ်လျော်ကြေးငွေ(1)ကုဋေပါပေးရမည်ဖြစ်သဖြင့် ဘကြီးတော်မှာ မထွေးနိုင်မအံနိုင် စိတ်ဓာတ်ကျလာကာ စိတ်ကျရောဂါပါ ဝင်လာလေတော့သည်။

ငွေမရှိသဖြင့်မယ်နုက သူပိုင်ပစ္စည်းများထုခွဲ၍ စစ်လျော်ကြေးငွေ ပထအရစ်ကိုပေးလေသည်။ အုပ်ချုပ်ရေးပိုင်းကို မကိုင်တွယ်နိုင်တော့ပဲ အစစအရာရာကို မယ်နုနှင့်စလင်းမင်းသားကြီးမောင်အိုတို့ဖြင့်သာ လွှဲအပ်ထားလေတော့သည်။ညသူတို့မောင်နှမကို သာယာဝတီအပြင်ပြည်သူများက စုန်းမဟုစွပ်စွဲသလို သူတို့ကလည်းသူခိုးဓားပြ လက်ခံ ဟုသာယာဝတီကိုစွပ်စွဲသည်။

မောင်အိုသည်မိမိရဲ့ ဆူးငြှောင့်ခလုတ်ဖြစ်သော သာယာဝတီမင်းကိုရှင်းရန် ဓားပြမှုဖြင့်အမှုဆင်ကာ သာယာဝတီမင်း၏အိမ်ကို လူ(200)ဖြင့်ဝိုင်းလေရာ သာယာဝတီဘက်မှလူများ ခုခံရင်းဧရာဝတီမြစ်ကို ကူး၍ ရွှေဘိုသို့ထွက်ပြေးရှောင်တိမ်းသည်။ မယ်နုတို့ကိုပြည်သူများ မနှစ်သက်သဖြင့် အာဏာသည် သာယာဝတီဘက်သို့ အလိုလိုရောက်သွားသည်။လူသူစုဆောင်းကာ 1837ဖေဖော်ဝါရီလတွင် အင်းဝကိုဝိုင်းသည်။ ၂လအကြာတွင်အောင်မြင်ပြီး ဘကြီးတော်စစ်ကိုင်းမင်းကိုနန်းချကာ မယ်နုကိုအကျယ်ချုပ် မောင်အို တို့လူစုကို ထောင်ထဲပို့လေသည်။ အရာရာသည်နေ့ချင်းညချင်း ပြောင်းလဲသွားသည်။

မယ်နုတို့ အုပ်စုသည် ပုန်ကန်သည့်အနေဖြင့် အင်္ဂလိပ်တို့ကို စာလွှတ်ဆက်သွယ်၍ အင်္ဂလိပ်တို့အလိုရှိသမျှ အကုန်ပေးကာ ဘကြီးတော်အားပြန်လည်နန်းတင်ပေးရန် အကူညီတောင်းသော်လည်း အင်္ဂလိပ်တို့က နန်းကျဘုရင်အား ဘာအကြောင်းမှမပြန်တော့ချေ။ သာယာဝတီမင်းသဘောထားကြီးစွာဖြင့် ကောင်းမွန်စွာထားသော်လည်း မောင်အိုတို့နောက်လိုက်များက ပုန်ကန်ကြသောကြောင့် အမရပူရမြို့ အကျဉ်းထောင်၌ သက္ကရာဇ်1840ခုနှစ်၊ မေလတွင် ကွပ်မျက်လိုက်သည်။

နောက်ဆုံးသာယာဝတီမင်း သည် 12May1840တွင် မယ်နုအားသေဒဏ်ချမည်ကို မင်းမျိုးမင်းနွယ်အဖြစ် အသိအမှတ်ပြုပေးသည့်အနေဖြင့် မဟာဆီမဟာသွေး မြေမကျရစေရန် ရေတွင်ဖျောက်ဖျက်ဖို့အမိန့်ချသည်။ ဘုန်းရှင် ကံရှင် မယ်နုတစ်ယောက် ကံတရား၏ မျက်နှာသာပေးခြင်းကား ဤနေ့သည်နောက်ဆုံးနေ့ ဖြစ်လေတော့သည်။

မယ်နုလည်းနောက်ဆုံးအနေဖြင့် မိမိကိုးကွယ်သည့် ဆရာတော်ဦးဗုဒ်အား ဖူးမြှော်ခွင့်ပြုရန် မြို့ဝန်အား ခွင့်တောင်းရာ ခွင့်ပြုသောကြောင့် ညောင်ကန်ကျောင်း (ယခုမဟာမုနိဘုရားကြီးအရှေ့ဘက်‌) သို့ ရောက်အောင်ပို့ဆောင်ပေးခဲ့သည်။ မယ်နုကျောင်းသို့ရောက်သောအခါ ဆရာတော်မှာစာကြည့်နေသည်။ မယ်နုမှဆရာတော်အား နောက်ဆုံးဖူးမြှော်အောင် လာရခြင်းဖြစ်ကြောင်းလျှောက်ထားရာ ဆရာတော်ဦးဗုဒ်မှ ရာဇဝင်တွင်မည့်တရားကို တိုတို တုတ်တုတ်မိန့်တော်မူသည်။

“မိနု၊သူ့ကြွေးရှိရင်ဆပ်ရလိမ့်မည်” ဟုမိန့်ဆိုလိုက်သည်။ မယ်နုလည်းဦးချပြီး ပြန်ဆင်းလာရာလှေ ကားအရောက်တွင် “တော်ပြီ၊ငါသေဝံ့ပြီ၊ ငါသေရဲပြီ၊ငါသေပျော်ပြီ၊ ဆရာတော်ဘုရားကို နှစ်ပေါင်းများစွာကိုးကွယ်လာတာ ဘယ်အခါမှငါ့နာမည်တပ်၍ စကားမပြောဖူးဘူး။ ဤကဲ့သို့စာကြည့်ရာမှနေ၍ ငါ့ဘက်သို့လှည့်၍ကြည့်သည် ဟူ၍လည်းမရှိ၊ သည်ကနေ့မှပဲငါ့ဘက်လှည့်တယ်။ ငါ့နာမည်ကိုခေါ်တော် မူတယ်။ ဟောလိုက်တဲ့တရားကလည်း မိနု၊သူ့ကြွေးရှိရင် ဆပ်ရလိမ့်မည်တဲ့။

တော်ပြီ၊သေလမ်းဖြောင့်ပြီ၊ ငါ့ကိုဆရာတော်က သေစရိတ်ပေးလိုက်ပြီ” ဟုထပ်တလဲလဲပြောကာ ဝမ်းမြောက်ဝမ်းသာစွာနှင့်ပင် အာဏာပါးကွက်သားတို့၏ ခေါ်ဆောင်ရာသို့ညိုးငယ်ခြင်းမရှိဘဲ လိုက်ပါသွားလေတော့သည်။ ဗုဒ္ဓတရားတော်ကို အတိုချုပ်သဘောပေါက်စေသော သာဓကများအနက် မယ်နုသည် ပဉ္စဝဂ္ဂီတို့မှ အငယ်ဆုံးရှင်အဿဇိ၏ “ယေဓမ္မာ”ဂါထာကိုသတိရမိသည်။

ဘုရားရှင်၏တရားဦးနာပြီး ရှင်အဿဇိရာဇဂြိုလ်ပြည် ရှင်သာရိပုတ္တရာနှင့်တွေ့၍ ရှင်သာရိပုတ္တရာမှ သူ့အားမေးသည်မှာ “ငါ့ရှင်၊သင်၏မျက်စိတို့သည် ကြည်လင်ကုန်၏။ အရေအဆင်းလည်း သန့်ရှင်းစင်ကြယ်ကုန်၏။ သင်သည်အဘယ်သူကိုရည်၍ ရဟန်းပြုသနည်း။ အဘယ်သူကသင်၏ဆရာနည်း၊ အဘယ်သူ၏ တရားကိုနှစ်သက်သနည်း” ရှင်အဿဇိတက “ငါ့ရှင်၊ငါသည် အငယ်သည်သာတည်း။

အဘိဓမ္မာ ကိုအကျယ်အားဖြင့် သင့်အားဟောကြားအံ့သောငှာမတတ်နိုင်။ အကျဉ်းအားဖြင့်သော်ကား အနက်ကို ငါဆိုအံ့” ဟုဆိုကာယေဓမ္မာဂါထာကို ဟောတော်မူ၏။ အဓိပ္ပါယ်ကား“အကြင်တရားတို့သည် အကြောင်းလျှင်အမှန်ရှိကုန်၏။ ထိုအကြောင်းကို မြတ်စွာဘုရားဟော၏။ ထိုအကြောင်းတရားတို့ ချုပ်ငြိမ်းရာလည်းရှိ၏။ ထိုချုပ်ခြင်းကိုလည်း မြတ်စွာဘုရားဟော၏။ ငါ၏ဆရာရဟန်းကြီးသည် ဤသို့အယူဝါဒရှိ၏” မယ်နုသည်ထိုဂါထာတော်ကိုချင့်ချိန်ပြီး သာယာဝတီမင်းအသက်ကိုရန်ရှာခဲ့၍ သူနှင့်ယှဉ်ပြိုင်ရာသူ အနိူင်ရသည်။ ရန်ကိုရန်ချင်းတုံ့ပြန်ခြင်းက လမ်းဟောင်းကိုသာပြန်ရောက်စေသည်။

ဤအကြောင်းတို့ချုပ်ငြိမ်းခြင်းကား ရန်ညိုးရန်စတို့ကိုသင်ပုန်းချေ၍ သူ့အပေါ်တင်ခဲ့သော အကြွေးမြန်မြန်ဆပ်ကာ ကြွေးမြီကင်းရှင်းပြီး ငြိမ်းချမ်းသော ဘဝသစ်ကလေးတစ်ခု ထူထောင်နိုင်ရန်ဖြစ်ကြောင်းကို နားလည်သွားခဲ့သည်။ သတ္တဝါတိုင်းသူ့ထိုက်သူ့ကံဖြစ်သည်ဆိုလျှင် တစ်နည်းအားဖြင့် ငါ့ထိုက်ငါ့ကံဖြစ်သည် မဟုတ်ပါလော။ ဆရာတော်တရားကား သူမအတွက်တော့ အဖိုးတန်ဆုံးသေစရိတ်ပေးလိုက်ခြင်းဟု သဘောပေါက်သောကြောင့် မယ်နုဝမ်းသာသွား ရှာသည်။

ထိုနေ့နေ့လည်ပိုင်းတွင် မယ်နုသည် ဘကြီးတော်အား နောက်ဆုံးသွားရောက်ကန်တော့ နှုတ်ဆက်ခဲ့သည်။ နှစ်ပေါင်းများစွာဘဝ၊ အသက်၊ရာထူး၊စည်းစိမ်၊ နိုင်ငံတော်အရာအားလုံး သူပိုင်ဆိုင်နိုင်သမျှကိုပေး၍ ချစ်ခဲ့သောကြင်ယာတော် ဘကြီးတော်၏ ခြေတော်အစုံပေါ် မျက်နှာအပ်ကာ မျက်ရည်စက်များစွာ ခြေဖမိုးတော်ပေါ်ကျလျက် လက်အုပ်ချီကန်တော့ရင်း အရောင်မှိန်မှိန်အဆောင်ရောင်မဲ့ သလွန်ထက်တွင်ထိုင်နေသော နန်းကျဘုရင်လင်တော်မောင်အား နန်းမတော်မယ်နု။

“မောင်တော်ဘုရား၊ နှမတော်ဒီကနေ့ ဘဝပြောင်းရတော့မှာဖြစ်လို့ မောင်တော်ဘုရားကိုနောက်ဆုံး နှုတ်ဆက်ရှိခိုးကန်တော့ခဲ့ပါတယ်ဘုရား။ မောင်တော်မင်းတရားရဲ့ဘုန်းရိပ်ကို ခိုလှုံစံစားခဲ့တဲ့ နှစ်ကာလများအတွင်း နှမတော်ဘက်ကပြုမိမှားခဲ့တဲ့ အပြစ်ရှိခဲ့ပါရင် ခွင့်လွှတ်သနားတော်မူပါဘုရား”
ဘကြီးတော်သည်သလွန်ပေါ်မှ နန်းမတော်မယ်နု၏ ဆံကေသာကို လက်ဖြင့်အသာအယာထိထားသည်။

အရှုံးများစွာရှုံးပြီးနောက် အချစ်ဆုံးသူကိုသေကွဲ ခွဲ ဆုံးရှုံးရမည့်အချိန်တို့ ဆိုက်ရောက်လာပြီဖြစ် သဖြင့် စိတ်သောကမီးတို့ စိတ်နှလုံးကိုလောင်ကျွမ်း ကာ ပတ်ဝန်းကျင်တစ်ခုလုံး မမြင်နိုင်တော့အောင်ဝေဝါးသွားစေသည့်မျက်ရည်များ မျက်ဝန်းအိမ်၌ ပြည့်နေသည်။ ဘကြီးတော်သည်မျက်ဝန်းများ မှိတ်ချလိုက်ရာ နန်းမတော်မယ်နု၏ ဆံကေသာပေါ် မျက်ရည်များ စီးကျလေတော့သည်။ ရင်၌ဆို့နှင့်လွန်းလှသဖြင့် ရှိုက်၍ငိုချလိုက်သည်။

“နှမတော်ရယ်၊ နှမတော်မှာ ခွင့်မလွှတ်စရာ ဘာအပြစ်မှမရှိခဲ့ပါဘူးကွယ်” ဘကြီးတော်၏ချစ်ခြင်းမေတ္တာကား လေးစားစရာ ကောင်းလှသလို ထိုအတွက်နောင်တ တစ်စုံတရာ လည်းမရခဲ့ချေ။ “မောင်တော်ဘုရားရယ်၊ နှမတော်ရဲ့နောက်ဆုံး ဝင်သက်၊ ထွက်သက်မရပ်သွားမှီ နှမတော်ရဲဘဝ ကို အမြင့်ဆုံးမြှင့်တင်ပေးခဲ့တဲ့ မောင်တော်ဘုရားရဲ့ ကျေးဇူးအထွေထွေအတွက် မောင်တော်ဘုရားရဲ့ ခြေတော်အစုံကိုဦးတိုက်ပြီး ကျေနပ်အောင် ကန်တော့ခွင့်ပြုပါဘုရား” ဟုခြေတော အစုံအား မျက်နှာနဖူးဆံပင်တို့ဖြင့် ဦးတိုက်ကန်တော့နေစဉ် အဆောင်တော်တွင်း သမီးတော်ကလေး မယ်သဲဝင်လာသည်။

သမီးတော်လေး၏စိတ်တွင် မကောင်းမှုတစ်စုံတခု ကို ခံစားမိနေသဖြင့် မယ်တော်၏ရင်ခွင်တွင်း ပြေး ဝင်ဖက်၍ငိုလေသည်။ “မယ်မယ်ဘုရား၊ သမီးတော် ကလေးကိုပစ်ထားပြီး ဘယ်ကိုသွားနေတာလဲ ဘုရား။ သမီးတော်လေးမှာ လွမ်းလို့သေရတော့မယ် ဘုရား” “မယ်မယ်ဘုရားလည်း သမီးတော်လေးကို လွမ်းနေပါတယ်။ အခုလည်းမယ်မယ်ဘုရားလေ အရေးကြီးတဲ့ကိစ္စရှိလို့ ဟိုး…အဝေးကြီးကို ခရီးထွက်ဖို့ရှိသေးတယ်။

သမီးတော်လေး ခမည်းတော်ဘုရားနဲ့အတူ လိမ်လိမ်မာမာနေခဲ့နော်။ မယ်ဘုရားစကားကို နားထောင်ပါကွယ်” သားအမိနှစ်ဦးပါးချင်းအပ်ကာ ငိုရင်း
“ဟင့်အင်း၊ဒီတစ်ခါတော့ သမီးတော်လေးကို ပစ်ထားပြီး ဘယ်မှမသွားရတော့ဘူး မယ်မယ်ဘုရားနဲ့လိုက်မှာပဲ” ခမည်းတော်၊မယ်တော်၊ သမီးတော်ကလေးတို့ မိသားစုအသိုက်အမြြုံပိုကွဲပြီး နောက်တစ်ကြိမ်ပြန်ဆုံခွင့်ဟူသော မျှော်လင့်ချက် ကလေးပင်ဆုတ်ကိုင်ထားခွင့် ကင်းမဲ့သွားသောကြေကွဲဖွယ်ရာ ချော့သူမရှိငိုပွဲကြီးဖြစ်သည်။

မင်းမှုထမ်း၊ရံရွေတော်တို့ ထိုမြင်ကွင်းကိုမကြည့်ရက်သဖြင့် တံခါးအကွယ်တွင်ကြိတ်ငိုကြသည်။ တာဝန်အရအမရပူရမြို့ဝန်ပင် မျက်ရည်ကျမည်စိုးသဖြင့် အဝေးသို့ထွက်သွားကာ မင်းမှုထမ်းတစ်ဦးကိုတီးတိုးပြောသည်။ ထိုမင်းမှုထမ်းသည် မယ်နုဆီရောက်လာ၍ “မိဘုရားကြီး၊ ထွက်ခွာဖို့အချိန်ကျပါပြီလို့ မြို့ဝန်မင်းကပြောပါတယ်၊ နေရာကထပါတော့”

နောက်ထပ်မင်းမှုထမ်းတို့သည် မယ်နုဆီဝင်လာပြီး လက်နှစ်ဘက်ကို ဆွဲယူလိုက်ကြသည်။ “မသွားရဘူးမယ်မယ်ဘုရား ဘယ်ကိုမှမသွားရဘူး သွားရင် သမီးတော်လေးလည်းလိုက်မှာပဲ” ဟုတစာစာအော်ဟစ်နေရာ မယ်နု၏နားများအတွင်းပဲ့တင်ထပ်ကာ တဖြည်းဖြည်းဝေးသွားလေတော့သည်။ ကြေးတိုက်မှလာသော နွားလှည်းပေါ်တက်ကာ နောက်သို့ တစ်ချက်ပင်လှည့် မကြည့်တော့ချေ။

နေလုံးကြီးသည်ဝင်းလက်သော အလင်းရောင်တို့ကို လျှော့ချ၍ အနောက်ဘက်တောင်တန်းပေါ် နိမ့်ဆင်း သွားသည်။ မယ်နုကိုတင်လာသော လှည်းပတောင်းမြည်သံကိုကြားသော် အနီးရှိဘုန်းကြီးကျောင်းခွေးများအူကြသည်မှာ ကံကြမ္မာဆိုးအတွက် မြည်သံများဖြစ်နေသည်။ တောင်သမန်အင်းရေပြင်အနီးသို့ရောက်သော် အာဏာပကွက်သားတို့သည် နန်းမတော်မယ်နုအား ခဲထည့်ထားသောရွှေနားကွတ် ကတ္တီပါအိတ်နီတွင်ထည့်၍ ပိတ်ပြီးရေပြင်သို့ပြစ်ချလိုက်သည်။

မြှပ်မမြှပ်သေချာအောင် ခဏစောင့်ကြည့်သည် တောင်သမန်အင်းရေပြင်ပေါ်တွင် ရေပွက်ကလေး တစ်ပွက်နှစ်ပွက်ထလာပြီး ရေပြင်မှာပြကတိပြန်ငြိမ််သွားပြီး လေပြေညင်းကလေး ရေပြင်ထက်မှ ဖြတ်သန်းတိုက်ခတ်သွားသည်။ နန်းမတော်မယ်နု၏ နောက်ဆုံးထွက်သက် ရေပွက်ကလေးမဟုတ်ပါလော။

ကုန်းဘောင်ခေတ်၏မွန်းတည့်ချိန် ဘုန်းဩဇာ အပြည့်နှင့် ရွှေအိမ်နန်းကြငှန်းထက်တွင် အမျိုးသမီးတို့အတွက် အထွတ်ထိပ်ဖြစ်သော အဂ္ဂမဟေသီ မိဖုရားခေါင်ရာထူးကို ရယူခဲ့သော်လည်း လူ့ဘဝသည်မည်သည့်အရာမျှ ကြာရှည်မတည်မြဲဘဲ တစ်ခဏအချိန်တွင်းသာ ရှိသည်ကို နန်းမတော်မယ်နုကသူမ၏ နောက်ဆုံး ထွက်သက်ရေပွက်ကလေးအချိန်မျှဖြင့် ကျွန်ုပ်တို့အား သင်ခန်းစာပေးသွားခဲ့သည် မဟုတ်ပါလော။ Credit to original Uploader

Leave a Reply

Your email address will not be published.