
PDF တို့၏ တိုက်ပွဲဝင်မှုကို AA ချီးကျူး
အချိန်တိုတွင်း တိုက်ပွဲဝင်နေသည့် PDF တို့၏ သတ္တိမှာ ချီးကျူးဖွယ်ရာဖြစ်ပြီး ညီညွတ်ရေးအတွက် ပိုမိုအားထည့်ရန် လိုသေးသည်ဟု AA က ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များ၏ သတ္တိကို မချီးကျူးဘဲမနေနိုင်ကြောင်း ရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က ပြောသည်။ ယနေ့ ULA/AA ၏ သတင်းစာရှင်းလင်းပွဲတွင် Myanmar Now ၏ မေးမြန်းမှုအပေါ် ထိုကဲ့သို့ ဖြေဆိုခဲ့ခြင်း ဖြစ်သည်။
“အခု ဒီ PDF တွေ တိုက်ခိုက်ရေးစွမ်းရည်ကို ဘယ်လိုမြင်လဲဆိုတာကို ဖြေကြားပေးရမယ်ဆိုရင် ဒီလောက်ထိ ဘာမှမရှိတဲ့အနေအထားနဲ့ လုပ်ရဲတဲ့သတ္တိကိုတော့ မချီးကျူးဘဲမနေနိုင်ဘူးလို့ ကျွန်တော်တို့ ပြောချင်ပါတယ်” ဟု ယနေ့ မတ် ၄ တွင် MYanmar Now ကို ပြောသည်။ “သို့သော် PDF တွေအနေနဲ့ စည်းကမ်းပိုင်းနဲ့ စုစည်းညီညွတ်မှုအပိုင်းကို ဒီထက်ပိုပြီးတော့ စနစ်တကျထိန်းကျောင်းမှု ရှိမယ်ဆိုရင်တော့ ပိုကောင်းလာမယ်လို့ ကျွန်တော်တို့မြင်ပါတယ်”
စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးအတွက် မြန်မာပြည်သူလူထု လက်ရှိကြိုးပမ်းအားထုတ်မှုများကို လေးစားအသိအမှတ်ပြုကြောင်း ရက္ခိုင့်တပ်တော် (AA) က Myanmar Now ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းက ပြောထားသည်။
သို့ရာတွင် AA အနေဖြင့် NUG နှင့် ဆက်သွယ်ဆောင်ရွက်မှု မရှိဘဲ ရက္ခိတ လမ်းစဉ်အတိုင်း ချီတက်နေခြင်းသာ ဖြစ်ကြောင်း သူက ဆိုသည်။
“ULA/AA အနေနဲ့ ကျွန်တော်တို့က NUG အဖွဲ့ဝင်လည်းမဟုတ်။ NUCC အဖွဲ့ဝင်လည်းမဟုတ်။ ဆိုတော့ ကျွန်တော်တို့က FPNCC (ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ) ရဲ့ အဖွဲ့ဝင်သာဖြစ်တယ်။ အဲဒါကြောင့် NUG ရဲ့ လုပ်ငန်းတွေမှာတော့ ကျွန်တော်တို့နဲ့ တစုံတရာ တရားဝင်ဆက်သွယ်လုပ်ဆောင်တာတော့ မရှိပါ” ဟု ယနေ့ သတင်းစာရှင်းလင်းပွဲတွင် သတင်းဌာနတစ်ခု၏ မေးမြန်းမှုကို ဖြေဆိုသည်။ သို့ရာတွင် ဖိနှိပ်ခံနေရသည့် မြန်မာပြည်သူလူထုကို မစာနာခြင်းမဟုတ်ကြောင်း၊ လွတ်မြောက်ရေးကြိုးပမ်းနေမှုအပေါ် လေးစားအသိအမှတ်ပြုကြောင်း ဆက်ပြောသည်။
NUG အပါအဝင် စစ်ကောင်စီကို ပြန်တိုက်ခိုက်နေသည့် မြန်မာပြည်သူလူထုနှင့်အတူ ပူးပေါင်းရန် ရှိမရှိ မေးခွန်းထုတ်နေသည့်အပေါ် AA ဘက်က တုံ့ပြန်ဖြေဆိုခဲ့ခြင်း ဖြစ်သည်။ ULA/AA တာဝန်ရှိသူများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးကြသည်ဟု ဖေဖော်ဝါရီလဆန်းက သတင်းများ ထွက်ပေါ်ခဲ့သော်လည်း AA ဘက်က ငြင်းဆန်ထားသည်။
အလားတူ အာဏာသိမ်းထားသည့် စစ်ကောင်စီနှင့်လည်း နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု မရှိကြောင်း ပြောသည်။ “တရားဝင်အစိုးရဆိုတာက ကျွန်တော်တို့ ပြည်သူက ရွေးချယ်ထားတဲ့ ဥပဒေနဲ့အညီ အုပ်ချုပ်နေတဲ့အစိုးရကို တရားဝင်အစိုးရလို့ ကျွန်တော်တို့ သတ်မှတ်လို့ရပါမယ်။ ဆိုတော့ လောလောဆယ် အာဏာသိမ်းထားတဲ့ အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးဖို့ကတော့ မရနိုင်ဘူး” ဟု ခိုင်သုခက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ရခိုင်ပြည်နယ်တွင် လက်နက်အင်အား၊ လူအင်အားများပြားပြီး ဒေသခံတို့၏ထောက်ခံမှုရရှိထားသော AA နှင့် ၂၀၁၈ ဒီဇင်ဘာမှ စတင်ကာ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားရာ စစ်တပ်က ကြည်း၊ ရေ၊ လေ တပ်များသုံးပြီး စစ်ဆင်ခဲ့ရသည်။ တိုက်ပွဲများမှာ အာဏာသိမ်းရန် လပိုင်းအလို ၂၀၂၀ နိုဝင်ဘာလဆန်းတွင်မှ ရပ်တန့်သွားခဲ့သည်။ ထို့နောက် စစ်တပ်က အာဏာသိမ်းပြီးနောက် မတ်လအတွင်း AA ကို အကြမ်းဖက်အဖွဲ့စာရင်းမှ ပယ်ဖျက်ကြောင်း ကြေညာခဲ့သည်။
၂၀၂၁ နိုဝင်ဘာအတွင်း မောင်တောဒေသတွင် နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့သလို ဖေဖော်ဝါရီလအတွင်း တိုက်ပွဲများဖြစ်ခဲ့သော်လည်း AA တပ်ဖွဲ့ဝင်များနှင့် ဆက်စပ်သူ ၄၉ ဦးကို ပြန်လွှတ်ပေးခြင်း၊ စစ်ကောင်စီက AA တပ်ဖွဲ့ဝင်များ ကိုဗစ်ကာကွယ်ဆေး ထိုးနှံရန် စီစဉ်ခဲ့ခြင်းတို့ကို တွေ့ခဲ့ရသည်။ သို့ရာတွင် စစ်ကောင်စီနှင့် AA ကြား ညှိနှိုင်းသဘောတူမှု လက်မှတ်ရေးထိုးထားခြင်း တစုံတရာမရှိကြောင်း၊ အကျဉ်းသားများလွှတ်ပေးရာတွင်လည်း ကြားခံလူများမှတဆင့် ညှိနှိုင်းဆောင်ရွက်ခြင်းသာ ဖြစ်ကြောင်း AA ပြောခွင့်ရသူက ဆိုသည်။
AA သည် ကချင်ပြည်နယ်တွင် စစ်ပညာသင်ယူ၊ စစ်တပ်ဖွဲ့စည်းမှုကို နှစ်နှင့်ချီ အချိန်ယူဆောင်ရွက်ခဲ့သော အဖွဲ့ဖြစ်သည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သည် ဖေဖော်ဝါရီ ၁ တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ အနိုင်ရအမတ် အများစုနှင့် စုစည်းထားသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဆင့်ဆင့်ကွပ်ကဲမှုစနစ် အားကောင်းရန် ကြိုးစားနေကြဆဲဖြစ်သည်။
လက်ရှိတွင် အာဏာသိမ်းစစ်တပ်ကို NUG ၏ PDF များအပြင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ(ပ.က.ဖ/LDF) ၊ ဒေသအလိုက် YDF, KNDF, CDF ကဲ့သို့သော ကာကွယ်ရေးအဖွဲ့များ ပေါ်ပေါက်လာကာ ရရာလက်နက်ဖြင့် ပြန်တိုက်နေကြသည်။ စစ်ကောင်စီသည် PDF ချေမှုန်းရေးအကြောင်းပြပြီး PDF များ ၀င်ထွက်သွားလာနိုင်သည်ဟု ယူဆရသော ရွာများကို မီးရှို့ဖျက်ဆီးလျက်ရှိသည်ဟု ဒေသခံတို့က ပြောသည်။ စစ်ကောင်စီကမူ ရပ်ကွက်ကျေးရွာများ မီးရှို့ခြင်းမှာ ခုခံသူတို့၏လက်ချက်ဖြစ်သည်ဟု တုံ့ပြန်လေ့ရှိသည်။ crd to Myanmar Now
Leave a Reply