သေနတ်ပြီးသော_ဆရာတော်

သေနတ်ပြီးသော_ဆရာတော်

” နွားသား မစားရ ” ဆိုပြီး နွားမေတ္တာစာ တရားတွေ ဟောကြားလို့ အမဲသတ်လိုင်စင်သမားက လူငှားပြီး လယ်တီဆရာတော်ကို အသတ်ခိုင်းပါတယ်။
လယ်တီဆရာတော်က တရားပွဲမှာ ပလ္လင်ပေါ်ထိုင်ပြီး တရားဟောနေပါတယ်။

အဲဒီအချိန်မှာ ငှားရမ်းထားတဲ့ လူသတ်သမားက လယ်တီဆရာတော်ကို ချိန်ရွယ်ပြီး ပလ္လင် အနားကနေ သေနတ်နဲ့ အနီးကပ် ပစ်ပါတယ်။
သေနတ်သံက. ဒိုင်းကနဲ ထွက်သွားပြီး ပစ်တဲ့လူက နောက်ကို ပက်လက်လန် လဲကျသွားပါတယ်။ ကျည်ဆံက အပေါ်ကို ထောင်ပြီး ထွက်သွားတဲ့အတွက် လယ်တီဆရာတော်ဘုရားကို ထိမှန်ခြင်း မရှိပါဘူး။

ပရိတ်သတ်တွေက ရုတ်ရုတ်သဲသဲ ဖြစ်သွားချိန်မှာ လယ်တီဆရာတော်က သေနတ်သမားကို ” ငါ့ပစ်တာ မဟုတ်ဘူး, မဟုတ်လား။ ဒီလာ, ငါ့ရှင် ” လို့ လှမ်းပြောပြီး ဆရာတော်အနီးကို ခေါ်ယူပြီး ထိုင်စေပါတယ်။

အဲဒီနောက် လယ်တီဆရာတော်ဟာ ပုံမှန်အတိုင်းဘဲ တရားကို ဆက်လက်ပြီး ဟောပါတယ်။ တရားပွဲ ပြီးတော့ သေနတ်နဲ့ ပစ်ပြီး လုပ်ကြံတဲ့သူဟာ လယ်တီဆရာတော်နောက်ကို လိုက်ပါသွားပြီး သင်္ကန်း ဝတ်ပါတယ်။

အတော်အတန် တရား အားထုတ်ပြီးတဲ့ နောက်မှာ အဲဒီ သေနတ်နဲ့ ပစ်ခဲ့ဖူးတဲ့ ရဟန်းက ” တပည့်တော်၊ အရှင်ဘုရားအပေါ် ပြစ်မှားမိခဲ့တဲ့ အကုသိုလ်ကံက ကျေမှာ မဟုတ်ပါဘူး ဘုရား ” လို့ လယ်တီဆရာတော်ကို လျှောက်တဲ့အခါ လယ်တီဆရာတော်က ” မဟုတ်ဘူး ငါ့ရှင်၊ ငါကျေနပ်ရင် အပြစ်ကျေတယ်၊ ငါ ကျေနပ်ပါတယ် ” လို့ ပြန်လည် မိန့်ကြားပါတယ်။

 

လယ်တီဆရာတော်ရဲ့ မေတ္တာတရားနဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် ကြီးမားပုံ တို့ကို သိရှိနိုင်ရန် တင်ပြခြင်းပါ။
နောက်တစ်ခုက –
လယ်တီကျောင်းတိုက် အတွင်းမှာ ရှိတဲ့ သောက်ရေအိုး, သုံးရေအိုးတွေဟာ နံနက်လင်းတာနဲ့ တပြိုင်နက် ရေတွေ ပြည့်နေလေ့ ရှိပါတယ်။ တစ်ရက်မှာတော့ ရေအိုးတွေ ဘာကြောင့် ရေပြည့်နေတာလဲ ဆိုတာ ရဟန်းတစ်ပါးက စူးစမ်းလိုတာကြောင့် ညသန်းခေါင်ယံမှာ ထပြီး စောင့်ကြည့်ပါတယ်။

အဲဒီလိုကြည့်တော့ လယ်တီဆရာတော်ကိုယ်တိုင် ရေခပ်သယ်ယူပြီး ဖြည့်နေတာကို မြင်တွေ့လိုက်ရပါတယ်။ အဲဒီတော့ လယ်တီဆရာတော်ကိုယ်တိုင် ရေသယ်ယူခြင်း မပြုဖို့ လျှောက်ထားရာမှာ လယ်တီဆရာတော်က ပြန်လည် မိန့်ကြားသည်မှာ –

သံသရာတစ်လျှောက်လုံး မယား, သားသမီး စတဲ့ သူတစ်ပါးကျွန်, ခန္ဓာ့ကျွန် ခံခဲ့တာပါ။ ခုလို သာသနာနဲ့ ကြုံတုန်း သာသနာ့ကျွန် ခံပါရစေ တဲ့။
လယ်တီဆရာတော်ဘုရားရဲ့ မာန်မာန ချိုးနှိမ်ပြီး နေထိုင်ကျင့်ကြံတဲ့ အတုယူစရာကောင်းတဲ့ ကြည်ညိုဖွယ် စိတ်နေစိတ်ထားတွေပါ။
Crd,

Leave a Reply

Your email address will not be published.