မြန်မာတွင် တရုတ်တို့၏ စစ်စခန်း ပေါ်ပေါက်လာတော့မှာလား

မြန်မာတွင် တရုတ်တို့၏ စစ်စခန်း ပေါ်ပေါက်လာတော့မှာလား


၁၉၄၂ ဩဂုတ်လ အတွင်း အမေရိကန် အထူး စစ်ဆင်ရေး တပ်ဖွဲ့များသည် ပစိဖိတ် သမုဒ္ဒရာ အတွင်းရှိ ဆော်လမွန် ကျွန်းစုများ တွင် အကြီးမားဆုံး ကျွန်းကြီး ဖြစ်သည့် ဂါဒါကင်နယ် ကျွန်းပေါ် သို့ ခြေချလာ ခဲ့ကြသည်။

အမေရိကန် တို့အနေနှင့် ထိုကဲ့သို့ အခြေချ နိုင်ခဲ့ခြင်းဖြင့် ပစိဖိတ် စစ်ပွဲကြီး အတွက် ကြီးမားသော အလှည့်အပြောင်းကြီး ကို ဖန်တီးယူနိုင်ခဲ့ကြသည်။

ဂျပန်တပ်များအား ကျွန်းပေါ်မှ မောင်းထုတ် နိုင်ခဲ့ခြင်းကြောင့် ဩစတေးလျှ နှင့် နယူးဇီလန် တို့ အတွက် အမေရိကန် ၏ ထောက်ပို့ လမ်းကြောင်းကို ဖြတ်တောက်ရန် ဂျပန်တို့၏ အကြံ အစည် ပျက်ပြားသွားခဲ့ရသည်။

 

နောက်ပိုင်းတွင် ဂျပန်တို့ ကို ပစိဖိတ် စစ်မျက်နှာ မှ ပျောက်ကွယ်သွားအောင် တွန်းထုတ်နိုင်ခဲ့သော တိုက်ပွဲ များတွင် အဆိုပါ ကျွန်းစုကို ခြေကုပ်ရယူနိုင်ခဲ့ခြင်းသည် အဓိက နေရာမှ ပါဝင်လာခဲ့သည်။

ထို့အတွက်လည်း မတ်လ ကုန်ပိုင်း အတွင်း တရုတ် နှင့် ဆော်လမွန် ကျွန်းစု နိုင်ငံ အကြား လုံခြုံရေး သဘော တူညီချက် လက်မှတ်ရေးထိုး ခဲ့ကြပြီ ဆိုသော သတင်းသည် အမေရိကန် နှင့် မဟာမိတ်များ အဖို့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားခဲ့ကြသည်မှာလည်း သဘာဝ ကျပေသည်။

ပြီးခဲ့သည့် လပိုင်း အတွင်း အ‌မေရိကန် နှင့် ဩစတေးလျှ အရာရှိကြီးများသည် ဆော်လမွန်ကျွန်းတွင် ခြေချင်း လိမ်မတတ် ဝင်ထွက်လာခဲ့ကြသည်။

 

အိမ်ဖြူတော်ရှိ အင်ဒို-ပစိဖိတ် ရေးရာ အကြီးအကဲ ကပ် ကမ်ဘဲလ် ကိုယ် တိုင် ရောက်ရှိလာပြီး ၁၉၉၃ ခုနှစ်က ပိတ်ထားသော သံရုံးကို ဖွင့်ပေးပါမည့် အကြောင်း ကတိပေး လာခဲ့သည်။

တရုတ် နှင့် ဆော်လမွန်မှ တရုတ် ရေတပ်စခန်း တည်ဆောက်ရေးအတွက် အစပျိုးနေပြီ ဆိုသည့် သတင်းများ မဟုတ်မှန်ကြောင်း အလျင်အမြန် ငြင်းဆိုလာကြသည်။ သို့သော် တရုတ်တို့ဖက်မှ ဆော်လမွန် ကျွန်းသို့ တပ်များ စေလွှတ်နိုင်တော့မည် ဆိုသည်က လွန်စွာ ဖြစ်နိုင်ဖွယ် ရှိသည်ဟု ဩစတေးလျှ ဖက်မှ ခန့်မှန်းနေကြသည်။

ဤသည်ကလည်း လာမည့် နှစ်ရွေးကောက်ပွဲ အပြီး ဖြစ်ပေါ်လာနိုင်‌သော အကြမ်း ဖက်မှုများကို နှိမ်နှင်းရန် ဆော်လမွန် ဝန်ကြီးချုပ် ဆိုဂါဗာရေး မှ တရုတ်တပ်များကို ခေါ်ယူခွင့် ရရှိသွားခြင်းကြောင့်ပင် ဖြစ်သည်။

 

သဘောတူညီချက် ပါ အကြောင်းအရာများကို အသေးစိတ် မသိရသေးသော်လည်း အမေရိကန် နှင့် ဒေသတွင်း မဟာမိတ်များက ထိုသဘောတူညီချက်ကြောင့် တရုတ် တပ်များ သိသိသာသာ ရောက်လာမည် ဆိုလျှင် ဆိုးကျိုး များ ဖြစ်ပေါ်လာလိမ့်မည်ဟု သံခင်းတမန်ခင်း လမ်းကြောင်းမှ အသိပေးလာခဲ့သည်။

ယခုလို စာချုပ်မျိုး ချုပ်ဆိုနိုင်ခဲ့ခြင်းသည် တရုတ်တို့ ဖက်မှ အောင်ပွဲခံသွားခဲ့သည်ကတော့ အမှန်ပင် ဖြစ်သည်။

တရုတ်သည် ၂၀၁၇ ခုနှစ်က ဂျီဘူတီ တွင် ဖွင့်လှစ်ခွင့် ရခဲ့သည့် ရေတပ် အခြေစိုက် စခန်း တခုသာ ရှိနေ‌ပေသေး သည်။ ထို့အတွက်လည်း ထပ်မံရရှိအောင် အင်တိုက်အားတိုက် လုံးပမ်းလာနေခြင်းလည်း ဖြစ်‌ပေသည်။

 

၂၀၁၈ မှ စ၍ တရုတ်သည် ထိုသို့ ဖွင့်လှစ်ခွင့်ရရန် အနည်းဆုံး ငါးနိုင်ငံသို့ ချဉ်းကပ်ခဲ့ပြီး ပြီ ဟု အမေရိကန် နှင့် မဟာ မိတ်များက ယုံကြည်နေကြသည်။

မြေပုံအညွှန်းအရ တရုတ်တို့ စစ်စခန်း ဖွင့်ရန် စဉ်းစားဖွယ် ရှိသည့် နိုင်ငံများ ထဲတွင် မြန်မာလည်း ပါဝင်နေသည်ဟု ယခုအပတ်ထုတ် အီကော်‌နောမစ် မဂ္ဂဇင်းကြီး တွင် ရေးသားထား သည်ကို ဖတ်ရှုရပေသည်။

ယင်းနှင့် ပတ်သက်၍ အတွေးပေါ်လာရသည်က မြန်မာ အရေး အပေါ် အမေရိကန် တို့ လူသိရှင်ကြား ထိထိ ရောက်‌ရောက်

အကူအညီပေးရန် ပျက်ကွက်နေမှုသည် အာဏာသိမ်း အဖွဲ့မှ တရုတ် သို့မဟုတ် ရုရှား အား ရေတပ် အခြေစိုက် စခန်း ဖွင့်ခွင့်ပေးလိုက်မည်ဟု back channel မှ လျှို့ဝှက် ခြိမ်းခြောက်ခံနေရ၍ များလားဟု သံသယ ဝင်လာမိသည်။

မိမိ၏ သံသယ သည် အ‌ခြေအမြစ် ရှိချင်မှ ရှိနိုင်မည် ဖြစ်သော်လည်း နိုင်ငံတကာ အရေးသည် လွန်စွာ မှ နက်နဲပြီး လျှို့ဝှက်မှုများ နှင့် ပြည့်နှက်နေသည်ကိုတော့ မေ့ထား၍ မဖြစ်‌ပေ။

ယခု BURMA ACT 2021 အား ဆီးနိတ်တွင် တစ်ဆို့နေခြင်း၏ လက်သည်တရားခံသည် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏

 

မိတ်ဆွေရင်းချာကြီးလည်း ဖြစ်ပြီး မြန်မာပြည်သူတို့၏ ဒီမိုကရေစီ အရေးတော်ပုံ ကြီးကို ဆယ်စုနှစ်ပေါင်း များစွာ စိတ်ရောကိုယ်ပါ ထောက်ခံမှု ပေးခဲ့သည့် ဆီးနိတ် ရီပတ်ဘလီကင်

လူနည်းစု ခေါင်းဆောင် မစ်ခ်ျ မက်ကွန်နယ် ကိုယ်တိုင် ဖြစ်နေသည်ကို အံ့ဩဖွယ် တွေ့နေရသည်။ သူသည် အမြဲလို ပါတီချင်း ပူးပေါင်းဆောင်ရွက်မှု bipartisanship ကို အမြဲလို အားပေးခဲ့သူ တဦးလည်း ဖြစ်နေပြန်သည်။

အဘယ်ကြောင့် ဤကဲ့သို့ ကဖျက် ယဖျက် လုပ်နေရခြင်းကိုလည်း လေ့လာသူ အားလုံး တိကျစွာ ထောက်ပြ နိုင်ခဲ့ခြင်း မရှိ ဖြစ်နေရပြန်သည်။ ထိုသို့သော အကြောင်းများကြောင့် သံသယ ပွားမိခြင်း သက်သက်သာ ဖြစ်သည်။

 

စစ်ဗိုလ်ချုပ်မျာက စစ်တပ်၏ ဂုရုကြီး အမျှော်အမြင် ကြီးမားသူ ဟု ဆိုကာ နှစ်စဉ် သွားရောက် ဂါဝရ ပြုနေသည့် ဗိုလ်သန်းရွှေ

ကိုယ်တိုင် ယခုလောက် အခြေအနေမဆိုးရွားစဉ်က အမေရိကန်တို့ ဝင်ရောက်ကျူးကျော် လိမ့်မည်ဟု စွဲမြဲစွာ ယုံကြည်‌နေသူ ဖြစ်သည်။ ထို့ကြောင့်လည်း နေပြည်‌တော် ဟူ၍ ဖြစ်ပေါ်လာရသည်။

နာဂစ် ကာလတွင်ပင် အကူအညီပေးရန် အသင့်စောင့်ဆိုင်းနေသေ အမေရိကန် လေတပ်၏ C-170 ကုန်တင် လေယာဉ် ကြီးများကိုပင် ထရိုဂျန် မြင်းကြီးများဟု ယူဆကာ ငြင်းပယ်ခဲ့သူ ဖြစ်သည်။

တဖက်တွင် တွေးစရာရှိလာသည်မှာ ထို ပုဂ္ဂိုလ်ကြီး၏ ငယ်မွေးခြံပေါက် များက အမေရိကန် တို့အား ထိုသို့ ခြိမ်းခြောက်မည် ဆိုလျှင် ၎င်းတို့ ပြုတ်ကျအောင် လျို့ဝှက် ကြံစည်လာနိုင်သည့်

 

အလားအလာများကိုလည်း ထိပ်ဆုံးက ထား စဉ်းစားကြမည့်လူများ ဖြစ်၍ ပဒူအုံကို တုတ်နှင့် ထိုးရဲကြမည်တော့ မဟုတ်ဟု ယူဆ ရသည်။

အမေရိကန် အစိုးရ၏ မြန်မာရေးရာ မူဝါဒ ရေးဆွဲရေး တွင် အထူး လက်‌ထောက်အဖြစ် ထမ်းဆောင်ခဲ့သူ၊ မြန်မာပြည် အတွက် စီအိုင်အေ အရာရှိလည်း ဖြစ်ခဲ့သူ Mrs Erin Murphy က သူမ၏ စာအုပ် ဖြစ်သော BURMESE HAZE တွင် အမေရိကန်

တို့ဖက်ကလည်း NLD လက်ထက် ကတည်းက စစ်တပ်ကို ပြစ်ပယ် မထားဘဲ တိုး၍ ဆက်ဆံခဲ့မည် ဆိုလျှင် ၂၀၂၁ ဖေဖေါ်ဝါရီ ရလဒ်သည် တမျိုးတဖုံ ထွက်လာနိုင်သည်။ back channel မှ တဆင့် မင်းအောင်လှိုင် သည် ထိုလမ်းကို ရွေးချယ်ခဲ့လျှင်

 

မည်သို့မည်ပုံ ဖြစ်လာနိုင်ဟု သတိပေးနိုင်မည်။ မင်းအောင်လှိုင် ဘာလုပ်ဖို့ ရည်ရွယ်‌နေသလဲ ဆိုသည်ကို ကြိုသိနိုင်မည်။ ထိုအခါ လိုအပ်သလို ဖိအားများ ပေးနိုင်သည့် အခွင့်အရေးများ ဆုံးရှုံးသွားခဲ့ရသည်ဟု ရေးသားထားခဲ့သည်။

တရုတ်ဖက်ကို သုံးသပ်ရမည်ဆိုက အမေရိကန်၊ ဗြိတိန် နှင့် ဩစတေးလျှ တို့ ဖွဲ့စည်းလာသော AUKUS အပေါ် အတော်ပင် စိတ်အနှောက်အယှက် ဖြစ်လာနေပြီး ထိုအရေး ကို တုန့်ပြန်နိုင်ရန် အပူတပြင်း ကြိုးပမ်းလာဖွယ် ရှိနေသည်။

ဧပြီ ၂၁ ရက်နေ့တွင် အာရှ လုံခြုံရေး အတွက် အာရှ နိုင်ငံများက လွဲ၍ အပြင်လူ မပါကြေး ဆိုသည့် Global Security Initiative ကို ရှီကျင့်ဖျင် က ချပြလာခဲ့သည်။

 

တရုတ်သည် လက်ရှိ ပြည်ပတွင် စစ်စခန်း တခုသာ ပိုင်ဆိုင်ထားသေးသော်လည်း တရုတ် ကုမ္ပဏီများသည်

ကမ္ဘာတဝှမ်းရှိ ဆိပ်ကမ်း ၉၀ ကျော်အား တစိတ်တပိုင်း သို့မဟုတ် အပြည့်အဝ ပိုင်ဆိုင်ထားပြီး လိုအပ်လျှင် လိုအပ်သလို စစ်ရေး အတွက် အသုံးချလာနိုင်ဖွယ်လည်း ရှိနေသည်။

တရုတ်သည် ကမ္ဘောဒီယား ရေတပ်စခန်းကို အသုံးပြုခွင့်ပေးမည့် လျို့ဝှက်စာချုပ် တခု ချုပ်ဆိုပြီး ဖြစ်နေ သည်ဟု အ‌မေရိကန် တို့ဖက်မှ ယုံကြည်နေကြသည်။

အီကွေတိုရီရယ် ဂီနီ တွင်လည်း ရေတပ်စခန်း တခု ရရှိရန် ဆွေးနွေးနေပြီး ယူအေအီး ရှိ တရုတ် ထိန်းချုပ် လုပ်ကိုင်နေသော ဆိပ်ကမ်း အတွင်း စစ်ဖက် အဆောက်အုံများ လျှို့ဝှက် စွာ စတင် ဆောက်လုပ်နေပြီ ဟု အမေရိကန် အရာရှိများက ယုံကြည်နေကြောင်း လည်း သိရသည်။

 

ဖြေသိမ့်စရာ ရှိသည်မှာ တရုတ်တို့ မြန်မာနှင့် မည်သို့သော ကတိစာချုပ်များ ချုပ်ဆိုခဲ့သည် ဆိုစေဦး ယင်းသည် မင်းအောင်လှိုင် ၏ တရားမဝင် စစ်အုပ်ချုပ်ရေး အဖွဲ့နှင့် သာ

ချုပ်ဆိုခြင်း ဖြစ်၍ နိုင်ငံ‌ရေး အနေအထား ရုတ်ခြည်း ပြောင်းလဲသွားသည်နှင့် တပြိုင်တည်း ထိုစာချုပ်များသည် အမှိုက်ခြင်းထဲသို့ နာရီမဆိုင်း ရောက် သွားမည့် အရေးကိုလည်း တရုတ်တို့ တွက်ဆ ပြီး ဖြစ်‌နိုင်သည်။

သို့သော် ထိုသို့ ကြိမ်းသေပေါက် တွက်ဆထား၍ လည်း မဖြစ်ပြန်။ ဟောင်ကောင်သည်ပင် စာချုပ်သက်တမ်းပြည့်မှ တရုတ်တို့ ဗြိတိသျှ တို့ထံမှ ပြန်လည် ရရှိခဲ့ခြင်း မဟုတ်ပါ‌လော။

ဗြိတိသျှ တို့သည် ဒုတိယ ဘိန်းစစ်ပွဲ အပြီး တွင် နန်ကင်း စာချုပ်ဖြင့် တရုတ်တို့ထံမှ အနိုင်ကျင့် ရယူထားခဲ့ပြီး ၁၈၉၈ တွင် နယ်မြေသစ်များ ထပ်တောင်းကာ ၉၉ နှစ် အငှားစာချုပ် ဖြင့် အုပ်ချုပ်ခဲ့ ခြင်း ဖြစ်သည်။

စစ်တပ်သည် ချည့်နဲ့လာနေပြီ ဖြစ်၍ ဖြစ်နိုင်ခြေများကို ကြိုတင်စဉ်းစားထားခြင်းသည် မမှားတန်ရာပေ။မည်သို့ပင် ဖြစ်စေ အမေရိကန် တို့ တုန့်နှေးနေမှုနှင့် ပတ်သက်၍ တွေးဆစရာ ဖြစ်လာနေရသည်။ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!crd

Be the first to comment

Leave a Reply

Your email address will not be published.


*