မန္တလေးမြို့ပေါ် ကျောင်းများ၌ ကျောင်းအပ်နှံသူ ယခင်နှစ်ထက် များပြား

မန္တလေးမြို့ပေါ် ကျောင်းများ၌ ကျောင်းအပ်နှံသူ ယခင်နှစ်ထက် များပြား


စစ်ကောင်စီ၏ ပညာရေးဝန်ကြီး ဌာနက ယနေ့ မေ ၂၆ ရက်မှ စတင်၍ အခြေခံပညာ စာသင်ကျောင်းများအတွက် ကျောင်းအပ် လက်ခံပေးလျက် ရှိရာ မန္တလေးမြို့ပေါ် ကျောင်းများ၌ ကျောင်းအပ်နှံသူ ယခင်နှစ်ထက် များပြားသည်ဟု မြို့ခံများက ပြောသည်။

“မနက်ပိုင်းမှာ ကျောင်းအပ်သူ အထိုက်အလျောက် ရှိတယ်။ ဒါက ဘာကို ပြောချင်တာလဲ ဆိုတော့ မနှစ်ကထက် ကျောင်းအပ်သူ ပိုလာတာကို ပြောချင်တာ။ ကျောင်းတက်နှုန်းက မနှစ်က အတော်လေး ဆိုးဆိုးရွားရွား ဖြစ်ခဲ့တာကနေ ဒီနှစ်တော့ ကျောင်းတက်မယ့်သူ

များလာမယ့် သဘော ရှိတယ်။ ကျွန်တော်တို့ ဘက်က ကျောင်းတချို့မှာ တစ်မနက်လုံး တဖွဲဖွဲ လာအပ် နေကြတာ တွေ့တယ်” ဟု မန္တလေး ချမ်းမြသာစည် မြို့နယ် အတွင်းရှိ စာသင်ကျောင်း တစ်ကျောင်း အနီး နေထိုင်သူ တစ်ဦးက ပြောသည်။

စစ်တပ်အာဏာ သိမ်းပြီး ကတည်းက စစ်ကောင်စီ၏ ပညာရေးကို ကျောင်းမတက်ရေး လှုပ်ရှားမှုဖြင့် ပြည်သူလူထုက သပိတ် မှောက်ခဲ့သည်။ စစ်ကောင်စီကမူ အခြေခံပညာ ကျောင်းများကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး စာမေးပွဲများလည်း ကျင်းပခဲ့သည်။

 

“မနှစ်က နှစ်ကုန်ပိုင်း ကျောင်းတွေ ပြန်ဖွင့်တော့ ကျောင်းတက်သူ မရှိသလောက်ကို နည်းတယ်။ ဒီနေ့ ကျောင်းလာအပ်တာတင် မနှစ်က ကျောင်းတက်သလောက်ရှိတယ်။ ဒီနှစ် ကျောင်းတက်ဦးရေ ပိုနိုင်တယ်” ဟု ချမ်းအေးသာစံမြို့နယ် အခြေခံပညာ ကျောင်းတစ်ကျောင်းမှ ကျောင်းမိဘဆရာ အသင်းဝင် တစ်ဦးက ပြောသည်။

လက်ရှိတွင် အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်သည့် အင်အားစုများ ဘက်က စစ်ကောင်စီ၏ အခြေခံပညာ စာသင်ကျောင်းများတွင် ကျောင်းမတက်ရန် တိုက်တွန်း နှိုးဆော်မှုများ ပြုလုပ်ထားသည်။ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG ) ကလည်း စစ်ကောင်စီ

အုပ်ချုပ်၍ မရသည့် ဒေသများ၌ ကြားကာလ ပညာသင်ကြားရေးများ လုပ်ဆောင်နေသည်။ စစ်ကောင်စီ၏ ပညာရေး ဝန်ကြီးဌာနသည် ယခု ၂၀၂၂-၂၃ စာသင်နှစ် အတွက် လာမည့် ဇွန်လ ၂ ရက်နေ့တွင် အခြေခံပညာ

စာသင်ကျောင်းများ ဖွင့်လှစ်မည် ဖြစ်ပြီး ယနေ့ မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်နေ့ အထိ ကျောင်းအပ် လက်ခံသွားမည် ဖြစ်ကြောင်း ကြေညာထားသည်။crd

Leave a Reply

Your email address will not be published.